အခုနောက်ပိုင်းမှာ ချစ်သူစုံတွဲတွေမှာ ဆင်တူတက်တူးရေးထိုးလာကြတာတွေ အရမ်းကိုရေပန်းစားလာပါတယ်။ တက်တူးထိုးခြင်းဟာ ကြီးမားတဲ့ ဆုံးဖြတ်ချက်တစ်ခုဖြစ်သလို တော်ရုံလွယ်လွယ်နဲ့ ပြန်ဖျက်လို့မရတဲ့ အရာတစ်ခုလည်း ဖြစ်ပါတယ်။ ဒီတော့ ချစ်သူစုံတွဲတွေအနေနဲ့ ဆင်တူတက်တူးရေးထိုးတော့မယ်ဆိုရင် သေချာပေါက် စဉ်းစာစရာတွေရှိပါတယ်။ ဒီဆောင်းပါးလေးမှာတော့ Couple Tattoo ထိုးချင်တဲ့ချစ်သူစုံတွဲတွေအတွက် သိထားသင့်တဲ့ အကောင်းအဆိုးအချက်လေးတွေကို မျှဝေပေးချင်ပါတယ်။

(၁) Healthy Relationship တစ်ခုပိုင်ဆိုင်ထားပြီလား

Photo : Romper

ဒီအချက်က အရေးကြီးပါတယ်။ ပထမဆုံးအနေနဲ့ ကိုယ့်ရဲ့ Relationship အခြေအနေကိုသုံးသပ်ဖို့ အရေးကြီးပါတယ်။ အဆင်ပြေချောမွေ့တဲ့ ဆက်ဆံရေးတစ်ခု မတည်ဆောက်နိုင်သေး၍ ဆင်တူတက်တူးထိုးဖို့စဉ်းစားတာဟာ မိုက်မဲရာကျပါတယ်။ သိပ္ပံပညာရှင်တွေရဲ့ သုံးသပ်မှုအရတော့ အနည်းဆုံး Relationship သက်တမ်း ၂ နှစ်နဲ့အထက်မှ ဆင်တူတက်တူးထိုးဖို့ အကြံပြုထားပါတယ်။ ချစ်သူသက်တမ်းနုနယ်သေးတဲ့အချိန်မှာ ဒီလိုကြီးမားတဲ့ဆုံးဖြတ်ချက်မျိုး မချသင့်သေးပါဘူး။ ရင့်ကျက်ပြီး တစ်ယောက်နဲ့တစ်ယောက် ရေရှည်လက်တွဲဖို့ အဆင်သင့်ဖြစ်ပြီး ဆိုမှသာ Couple Tattoo ထိုးဖို့ စဉ်းစားသင့်ပါတယ်။

(၂) စုံတွဲတွေအနေနဲ့ ဘယ်လိုတက်တူးမျိုး ထိုးသင့်လဲ

Photo : StupidGag

Couple Tattoo ထိုးဖို့ အဆင်သင့်ဖြစ်ပြီ ၊ သေချာဆုံးဖြတ်ပြီးပြီဆိုရင်တော့ ဘယ်လိုတက်တူးဒီဇိုင်းမျိုး ထိုးမလဲဆိုတာ သေချာစဉ်းစားရတော့မှာပါ။ အကောင်းဆုံး ကတော့ ချစ်သူနှစ်ဦးအတွက် အမှတ်တရဖြစ်စေမယ့် အရာလေးတွေ ၊ အတူတကွခံစားဖူးတဲ့ အတွေ့အကြုံလေးတွေစသည်ဖြင့် နှစ်ဦးစလုံးအတွက် အဓိပ္ပါယ်ရှိစေမယ့် တက်တူးဒီဇိုင်းမျိုးရွေးချယ်တာ ပိုကောင်းပါတယ်။ နောက်တစ်ခုက နေရာရွေးချယ်ရမှာပါ။

စုံတွဲတွေအနေနဲ့ တက်တူးရေးထိုးတဲ့အခါ တူညီတဲ့ခန္ဓာကိုယ်အရေပြားပေါ်မှာ ရေးထိုးတာဟာ ပိုပြီးလိုက်ဖက်မှုရှိစေသလို Couple Tattoo ရဲ့အဓိပ္ပါယ်ကိုလည်း ပြည့်စုံစေပါတယ်။ ဥပမာ လက်ကောက်ဝတ်မှာ ထိုးမယ်ဆို နှစ်ဦးစလုံးလက်ကောက်ဝတ်နေရာမှာပဲ ဆင်တူပုံရေးထိုးသင့်တာဖြစ်ပါတယ်။

(၃) တက်တူးမထိုးခင် ဘာတွေသိထားသင့်လဲ

Photo : Vogue India

တက်တူးမထိုးခင်မှာ သေချာသိထားသင့်တဲ့ အရာလေးတွေရှိပါတယ်။ တက်တူးထိုးမယ်ဆိုရင် ပထမဆုံးအလေးထားရမှာက တစ်ကိုယ်ရေသန့်ရှင်းမှုရှိဖို့ပါပဲ။ နောက်ပြီး အရည်အသွေးကောင်းမွန်တဲ့တက်တူးပုံတစ်ခုရဖို့ Tattoo Artist ကိုသေချာရွေးချယ်ဖို့လိုပါတယ်။ Tattoo Artist တစ်ယောက်စီတိုင်းမှာ အားသာချက်တွေကိုယ်စီရှိပါတယ်။

တချို့က စာလုံးတွေရေးရာမှာ ကျွမ်းကျင်ကောင်းမွန်ပြီး တချို့က ပုံတွေရေးထိုးရာမှာ ကျွမ်းကျင်ကြပါတယ်။ ကိုယ်ထိုးမယ့် တက်တူးဒီဇိုင်းပေါ်မူတည်ပြီး Tattoo Artist ကိုသေချာလေ့လာရွေးချယ်ဖို့ လိုအပ်ပါတယ်။ နောက်တစ်ချက်ကတော့ ကိုယ်ထိုးမယ့် Tattoo Studio ရဲ့ သန့်ရှင်းမှုရှိမရှိကိုသေချာ လေ့လာပါ။ ဈေးသက်သာပေမယ့် တက်တူးပုံရဲ့အရည်အသွေးနဲ့ ကျန်းမာရေးအတွက် စိတ်ပူရတာမျိုးရှိ နိုင်ပါတယ်။ ဖြစ်နိုင်ရင်တော့ ဝါရင့်တဲ့တက်တူး Artist တွေဆီမှာပဲ ရေးထိုးတာပိုစိတ်ချရပါတယ်။

တက်တူးထိုးပြီးချိန်မှာလည်း တက်တူးအနာကျက်မြန်စေဖို့ ဆေးလိမ်းရတာတွေ ၊ အရောင်ကျမသွားဖို့ နေရောင်ကာခရင်လိမ်းပေးရတာမျိုးတွေကို သေချာလေးလိုက်နာပါ။ ကိုယ်ရေးထိုးလိုက်တဲ့ တက်တူးနဲ့ ပတ်သတ်ပြီး သိသင့်သိထိုက်တဲ့အရာတွေ ဆောင်ရန်ရှောင်ရန်အချက်တွေကို Tattoo Artist ကို သေချာမေးမြန်းဖို့ အကြံပြုချင်ပါတယ်။

(၄) ဘယ်လို တက်တူးပုံတွေ ရှောင်သင့်လဲ

Photo : POPSUGAR

Relationship တစ်ခုဟာ ဘယ်လောက်ထိရေရှည်လက်တွဲနိုင်မယ်ဆိုတာကို ဘယ်သူမှသေချာပေါက်မပြောနိုင်ပါဘူး။ တစ်ချိန်မှာအကြောင်း ကြောင်းကြောင့် ဝေးကွာခဲ့မယ်ဆိုရင် သင့် ရည်းစားဟောင်းရဲ့ နာမည်တွေ ၊ ပုံတွေဟာ အရေပြားပေါ်မှာတစ်သက်လုံးထင်ကျန်နေပါလိမ့်မယ်။ ပုံထပ်တာ ၊ လေဆာနဲ့ ဖြတ်တာတွေလုပ်နိုင်ပေမယ့် အချိန်ကုန်ငွေကုန်နဲ့ အလုပ်ပိုရှုပ်ပါတယ်။

ဒါကြောင့် Couple Tattoo တက်တူးထိုးတဲ့အခါ နာမည်တွေ ၊ ပုံတူဒီဇိုင်းတွေကို ရှောင်ကြဉ်ဖို့ အကြံပြုချင်ပါတယ်။ နောက်တစ်ချက် လက်တလောရေပန်းစားနေတဲ့ trendy ဒီဇိုင်းတွေကို မထိုးသင့်ပါဘူး။ နောင်တစ်ချိန်အသက်ကြီးလာချိန်အထိ ကိုယ့်အရေပြားပေါ်မှာ ကျန်ရှိနေမယ့် တက်တူးပုံဖြစ်တာကြောင့် ပေါ်ပင်ဒီဇိုင်းတွေကိုလည်း ရှောင်ကြဉ်သင့်ပါတယ်။

Featured Photo : Rock n Roll Bride