Six Pack မာဆယ်တွေရဖို့ ကွီးတို့ ထိုင်နေလို့တော့ မရပါဘူး။ အဆီတက်မယ့် အကြော်တွေ ၊ အငံများတဲ့ အစားအသောက်တွေကို ရှောင်ရမှာဖြစ်သလို ကျန်းမာတဲ့ နေထိုင်မှုပုံစံကိုလည်း ထိန်းထားဖို့လိုပါမယ်။ ဒီနေရာမှာ အရေးကြီးဆုံးက လေ့ကျင့်ခန်းတွေပါပဲ။ Abs Exercises တွေကိုလည်း နေ့စဉ်ပုံမှန် လုပ်ဆောင်ပေးရမှာပါ။ ဒီဆောင်းပါးလေးမှာတော့ ခြောက်လုံးပြူးကြွက်သားတွေ ရချင်တဲ့ ကွီးတို့အတွက် ထိရောက်တဲ့ ဗိုက်လေ့ကျင့်ခန်းတွေကို မျှဝေပေးချင်ပါတယ်။

(၁) Ab Wheel Rollout

Photo : Men’s Journal

ကြမ်းပြင်ပေါ်မှာ ဒူးထောက်လျက်အနေအထားနဲ့ ပခုံးအောက်တည့်တည့်မှာ Ab Wheel ကို ကိုင်ထားပါ။ ဝမ်းဗိုက်ကြွက်သားကို ညှစ်ထားပြီး Wheel ကို ဖြည်းဖြည်းချင်း ရှေ့သို့လှိမ့်ပါ။ ထို့နောက် စတင်ခဲ့တဲ့ အနေအထားသို့ ပြန်သွားပါ။

(၂) Arms-High Partial Situp

Photo : Men’s Journal

အရင်ဆုံး ပလက်အနေအထား လှဲလျောင်းပါ။ ဒူးကို ၉၀ ဒီဂရီ ကွေးထားပြီး လက်နှစ်ဖက်ကို ဦးခေါင်းအပေါ်ဘက် တည့်တည့်မတ်မတ် မြှောက်ထားပါ။ လေ့ကျင့်ခန်း တစ်လျှောက်လုံး လက်ကို ထိုပုံစံအတိုင်း ထားရပါမယ်။ ထို့နောက် ဗိုက်ကြွက်သားတွေကို ညှစ်ပြီး ပုံမှာမြင်ရတဲ့အတိုင်း ခန္ဓာကိုယ်အပေါ်ပိုင်းကို ကြမ်းပြင်ကနေ မြှင့်တင်လိုက်ပါ။ ပြီးရင် မူလစတင်ခဲ့တဲ့ အနေအထား ဖြည်းဖြည်းချင်း ခန္ဓာကိုယ်ကို ပြန်နှိမ့်ချပေးရပါမယ်။

(၃) Flutter Kick

Photo : Men’s Journal

ကြမ်းပြင်ပေါ်မှာ ပလက်အနေအထား လှဲလျောင်းပြီး ခန္ဓာကိုယ်ရဲ့ဘေးတစ်ဖက်တစ်ချက်စီမှာ လက်နှစ်ဖက်ကို ကပ်ထားပါ။ ခြေထောက်တွေကို ကြမ်းပြင်ကနေ ၆ လက်မခန့်လောက်ကြွထားပြီး ရေကူးသလို ပုံစံအတိုင်း ဘယ်ညာတစ်ဖက်စီ မြှင့်လိုက်နှိမ့်လိုက် လှုပ်ရှားကစားပေးရပါမယ်။ စက္ကန့် ၃၀ ကနေ ၄၅ စက္ကန့် ကစားပေးပါ။

(၄) Plank

Photo : Men’s Journal

Six Pack မာဆယ်တွေ ထွက်လာဖို့ Plank လေ့ကျင့်ခန်းတွေကိုလည်း မေ့မထားသင့်ပါဘူး။ Plank ထောက်တဲ့အခါ ဝမ်းဗိုက်ကို တင်းကြပ်စွာ ထိန်းထားရတာ ဖြစ်တဲ့အတွက် Abs ကြွက်သားတွေကို တော်တော်လေး ထိရောက်မှု ရှိစေပါတယ်။ ဝမ်းဗိုက်ဘေးဘက်ကြွက်သားတွေကို ထိစေဖို့ Side Plank လေ့ကျင့်ခန်းတွေလည်း လုပ်ပေးပါ။

(၅) Oblique Mountain Climbers

Photo : Men’s Journal

Oblique Mountain Climbers က Six Pack ထွက်ချင်တဲ့ ကွီးတွေသေချာပေါက် လုပ်ရမယ့် လေ့ကျင့်ခန်းတစ်ခုပါပဲ။ Pushup Position အတိုင်း ဒူးတွေကို ဆန့်ကျင်ဘက် လက်ဆီသို့ တလှည့်စီ ဆွဲကပ်ပေးရပါမယ်။ လေ့ကျင့်ခန်း လုပ်နေစဉ်တစ်လျှောက်လုံးမှာ ခါးကုန်းနေတာမျိုး မဖြစ်စေပဲ တင်ပါးကို နှိမ့်ထားရပါမယ်။

Featured Photo : BOXROX