သြဂုတ် (၅)ရက်နေ့ စနေနေ့ မနေ့က ဖြစ်ပေါ်ခဲ့တဲ့ ကလပ်အသင်းကြီးတွေရဲ့ တရားဝင် အပြောင်းအရွှေ့တွေက မနည်းမနောပါပဲ။ ဒီထဲကမှ မန်ချက်စတာ မြို့ခံ အသင်းနှစ်သင်းကတော့ သူတို့အသင်းတွေအတွက် တကယ်ကို ထူးခြားတဲ့ အပြောင်းအရွှေ့တွေ ဖြစ်ပေါ်ခဲ့ရပါတယ်။ ဒါဆို ဒီအပြောင်းအရွှေ့တွေအကြောင်းကို ကျွန်တော် ဆက်လက် ဖော်ပြပေးသွားပါမယ်။

Photo Credit : Manchester City

ပထမဆုံး ဖော်ပြပေးချင်တဲ့ အပြောင်းအရွှေ့ကတော့ Treble Champions ကြီး မန်စီးတီးရဲ့ ဂဗာဒီယော်လ် ခေါ်ယူမှုပါ။ ကွင်းလယ်လူ ကိုဗာဆစ်ကို ခေါ်ယူပြီးကတည်းက ဈေးကွက်ထဲမှာ ငြိမ်ချက်သားကောင်းနေတဲ့ မန်စီးတီးက တကယ် ခေါ်ချလိုက်တော့လည်း အသက် (၂၁)နှစ်သာ ရှိသေးတဲ့ ခရိုအေးရှား talented centre-back ဂဗာဒီယော်လ်ကိုဖြစ်ပြီး ပေါင် (၇၇.၆)သန်းအထိ သုံးစွဲခဲ့ပါတယ်။ အခုဆိုရင် စီးတီး ခံစစ်က လေတိုးရင်တော့ မပေါက်တော့မယ့် ခံစစ်မျိုး ဖြစ်သွားရပါပြီ။

Photo Credit : Manchester United

မန်စီးတီးရဲ့ လူခေါ်ယူမှု အပြီးမှာတော့ မန်ယူနိုက်တက်ကလည်း ညနေ (၆)နာရီ (၁၅)မိနစ်မှာ ကစားမယ့် လန်းစ်အသင်းနဲ့ ခြေစမ်းပွဲ မတိုင်ခင်မှာပဲ သူတို့ ခေါ်ယူထားတဲ့ တိုက်စစ်မှူးသစ်လေး ဟွိုင်လန်း နဲ့ တရားဝင် မိတ်ဆက်ရင်း Official Announcement ကို ပြုလုပ်သွားခဲ့ပါတယ်။ ယူနိုက်တက်က ဒိန်းမတ် တိုက်စစ်မှူး ဟွိုင်လန်းကို အတ္တလန်တာအသင်းကနေ ပေါင် (၇၃)သန်းနဲ့ ခေါ်ယူခဲ့ပြီး ဟွိုင်လန်း နဲ့ ဂဗာဒီယောလ်ဒ်တို့ကတော့ မန်ချက်စတာဒါဘီကျရင် ထိပ်တိုက် ရင်ဆိုင်ရပါတော့မယ်။

Photo Credit : Twitter

ဒီနှစ်သင်းရဲ့ အပြောင်းအရွှေ့ မဖြစ်ပေါ်ခင်မှာ ချယ်လ်ဆီးအသင်းက အယ်လ် အာလီအသင်းဆီ ရောက်သွားတဲ့ ဂိုးသမား မန်ဒီနေရာအတွက် ဘရိုက်တန်က စပိန် ဂိုးသမား ရောဘတ် ဆန်းချက်ဇ်ကို ပြောင်းရွှေ့ကြေး ပေါင် (၂၅)သန်းနဲ့ ခေါ်ယူခဲ့ပါတယ်။ စပါးအသင်းကလည်း ဘလက်ဘန်းအသင်းရဲ့ ဗဟို ခံစစ် ကစားသမားလေး အက်ရှ်လေ ဖီးလစ်ကို ပေါင် (၂)သန်းနဲ့ ခေါ်ယူခဲ့ပါသေးတယ်။ ဖီးလစ်ပြီးရင်တော့ ဝုလ်ဖ်ဘတ် နောက်ခံလူ ဗန်ဒယ်ဗန်ကိုလည်း ထပ်မံ ခေါ်ယူနိုင်ဦးမှာပဲ ဖြစ်ပါတယ်။