ဂျမေကာနိုင်ငံသား ရက်ဂေးဂီတဖခင်ကြီး Bob Marley နဲ့ သူရဲ့သီချင်းတွေကတော့ ဂီတချစ်သူပရိသတ်တွေအားလုံးရဲ့နှလုံးသားထဲမှာ နေရာယူထားပြီးသား ဖြစ်မှာပါ။ သူဟာ ၁၉၆၀ ပြည့်လွန်နှစ်တွေမှာ ဂီတလမ်းကြောင်းပေါ် စတင်ရောက်ရှိလာခဲ့ပြီး ငြိမ်းချမ်းခြင်း ၊ လွတ်လပ်ခြင်းနဲ့ လူသားဆန်မှုတို့ ကိန်းအောင်းနေတဲ့ ရက်ဂေးဂီတရဲ့ အနှစ်သာရကို ဖော်ကြူးခဲ့ပြီး ထူးခြားတဲ့သီဆိုဟန် ၊ စာသားတွေကြောင့် ကမ္ဘာတစ်ဝှမ်းက ပရိသတ်တွေရဲ့ အားပေးနှစ်ခြိုက်မှုကို ရရှိခဲ့သူပဲ ဖြစ်ပါ့တယ်။

၁၉၇၇ ခုနှစ်မှာဖြန့်ချီခဲ့တဲ့ Bob Marley ရဲ့ Exodus အမည်ရှိတဲ့ အယ်လ်ဘမ်ဟာလည်း ကမ္ဘာတဝန်းက ဂီတကိုချစ်မြတ်နိုးကြသူတွေကြားမှာ လှုပ်လှုပ်ခတ်ခတ်ဖြစ်သွားခဲ့ရပြီး အယ်လ်ဘမ်အချက်ရေပေါင်း သန်း ၇၀ ကျော်ရောင်းချရတဲ့အထိ အားပေးမှုများစွာ ရရှိခဲ့ပါတယ်။

One Love ၊ No Woman, No Cry ၊ Jamming စတဲ့ လူကြိုက်အများဆုံးနဲ့ ကျော်ကြားခဲ့တဲ့ သီချင်းပေါင်းများစွာ နဲ့ တေးအယ်လ်ဘမ်ပေါင်းများစွာ ဖန်းတီထုတ်လုပ်နိုင်ခဲ့ပြီး ၁၉၈၁ ခုနှစ် သူ့အသက် ၃၆ နှစ်အရွယ်မှာတော့ ကင်ဆာရောဂါနဲ့ ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။ Bob Marley ကွယ်လွန်ခဲ့ပေမယ့် ယနေ့တိုင် သူရဲ့သီချင်းတွေကတော့ ပရိသတ်တွေ ရင်ထဲဆက်လက်ရှင်သန်နေဆဲပါ။ ဒီတစ်ခေါက်မှာ Bob Marley နဲ့ ပတ်သတ်ပြီး ပရိသတ်တွေသတိမထားမိသေးတဲ့ ထူးထူးခြားခြား အကြောင်းအရာတချို့ကို တင်ဆက်ပေးသွားမှာပဲ ဖြစ်ပါတယ်။

(၁) Bob Marley ရဲ့ နာမည်အရင်း

Photo : Afrotower24News

Bob Marley လို့ပဲပရိသတ်တွေသိထားကြတဲ့ ရက်ဂေးဖခင်ကြီးရဲ့ နာမည်အရင်းက Robert Nesta Marley ဖြစ်ပါတယ်။ ဒီနာမည်ကို သူရဲ့မိခင်ဖြစ်သူကပေးခဲ့တာဖြစ်ပြီး Nesta ဆိုတဲ့စကားလုံးက မိန်းကလေးဆန်တဲ့ အဓိပ္ပါယ်မျိုးသက်ရောက်တယ်လို့ဆိုကာ ယောကျာ်းပီသမှုရှိစေဖို့ Bob Marley အဖြစ်သို့ ပြောင်းလဲမှည့်ခဲ့တာ ဖြစ်ပါတယ်။ သူ့ရဲ့ မွေးစာရင်းထဲက နာမည်အရင်းကတော့ Robert Nesta Marley ဖြစ်ပါတယ်။

(၂) အဆိုတော်မဖြစ်ခင် ကလေးဘဝဖြတ်သန်းမှု

Photo : Celebrity bios

Bob Marley ၄ နှစ်သားအရွယ်လောက်က လက္ခဏာဖတ်တဲ့ ရှေးဖြစ်ဟောဆရာတစ်ယောက်အဖြစ် နာမည်ကြီးခဲ့ပါတယ်။ အသက် ၇ နှစ်အရွယ်လောက်က စပြီးတော့ လက္ခဏာဖတ်တဲ့အလုပ်ကို မလုပ်တော့ပဲ ဂီတလမ်းကြောင်းပေါ်လျှောက်လှမ်းဖို့ စတင်ဆုံးဖြတ်ခဲ့တာပါ။ ဆယ်ကျော်သက်အရွယ်မှာ အမျိုးသမီးတစ်ယောက်က သူ့ကို လက္ခဏာဖတ်ပေးဖို့ပြောတဲ့အခါ “ကျွန်တော်အခု လက္ခဏာမဖတ်တော့ဘူး၊ သီချင်းဆိုနေတယ်” လို့ ပြောခဲ့ပါတယ်။

(၃) သားသမီး များစွာတို့ရဲ့ ဖခင်

Photo : uDiscover Music

အသက် ၂၁နှစ်မှာ Rita Anderson လို့ခေါ်တဲ့ Sunday School ဆရာမတစ်ယောက်နဲ့လက်ထပ်ခဲ့ပြီး Rita နဲ့တခြားအမျိုးသားတစ်ဦးတို့ရထားတဲ့ သမီးလေးကို ခေါ်ယူမွေးစားခဲ့သလို Rita တို့လည်း သားသမီး ၃ ဦးထွန်းကားခဲ့ပါတယ်။ Bob Marley ဟာအတော်စွံတဲ့ ဘဲကြီးလို့ပြောရမှာပါ။ ဘာလို့ဆို Biography.com ရဲ့အဆိုအရ တခြားအမျိုးသမီးတွေနဲ့လည်း ကလေးတွေအများကြီး မွေးဖွားခဲ့ပြီး စုစုပေါင်း သားသမီး ၁၃ ယောက်တို့ရဲ့ ဖခင်တစ်ဦးဖြစ်ခဲ့တယ်လို့ သိရပါတယ်။

(၄) ဂျမေကာနိုင်ငံရဲ့ ဂုဏ်ထူးဆောင် ဆုရှင်

Photo : Pinterest

Bob Marley ကင်ဆာရောဂါနဲ့ မကွယ်လွန်မီ ၁၉၈၁ ခုနှစ်မှာ ဂျမေကာနိုင်ငံအစိုးရက ချီးမြှင့်တဲ့ Order of Merit Award ဂုဏ်ထူးဆောင်ဆုကို ရရှိခဲ့ပါတယ်။ ဒီဆုက သိပ္ပံ၊ အနုပညာ၊ စာပေ နဲ့ ယဉ်ကျေးမှု ထွန်းကားရေးအတွက် ကြိုးပမ်းအားထုတ်ခဲ့ကြသော ထင်ရှားကျော်ကြားသူတို့ကို ချီးမြင့်တဲ့ ဂုဏ်ထူးဆောင်ဆုဖြစ်ပါတယ်။ ၁၉၇၈ ခုနှစ်ကလည်း ကုလသမဂ္ဂမှ ငြိမ်းချမ်းရေးဆုတံဆိပ် ချီးမြှင့်ခြင်းခံခဲ့ရပါသေးတယ်။

(၅) ကွယ်လွန်ပေမယ့် ဝင်ငွေအများဆုံးစာရင်းဝင် အနုပညာရှင်

Photo : The Guardian

Bob Marley ဟာ ကွယ်လွန်သွားပေမယ့် သူရဲ့တေးသီချင်းနဲ့ တေးအယ်လ်ဘမ်တွေ ဆက်လက်ရောင်းချနေမှုကနေတဆင့် ဝင်ငွေများဆက်လက်ရရှိနေတာ ဖြစ်ပါတယ်။ Forbes ရဲ့ အဆိုအရ Bob Marley ဟာ ၂၀၁၆ ခုနှစ်မှာ ကမ္ဘာပေါ်က ဆဋ္ဌမမြောက် ဝင်ငွေအများဆုံး ကျော်ကြားသူ ဖြစ်လာခဲ့ပြီး ဂီတပညာရှင်များဖြစ်တဲ့ Prince ၊ Elvis Presley နဲ့ Michael Jackson တို့ ရှေ့ကနေ ဦးဆောင်နေခဲ့တာပဲ ဖြစ်ပါတယ်။

Featured Photo : Forbes