ကမ္ဘာပေါ်မှာ အံ့အားသင့်စရာ အားကစားတွေ အများကြီးရှိပါတယ်။ အားကစားနည်းစနစ်ပေါ်လိုက်ပြီး သက်တောင့်သက်သာအားကစားနည်းရှိသလို ကြမ်းကြမ်းတမ်းတမ်း တွန်းတွန်းတိုက်တိုက် လှုပ်ရှားရတဲ့ အားကစားနည်းတွေလည်း ရှိတာပါပဲ။

ဒီလိုအားကစားနည်းတွေထဲကမှ ကစားသူရော ပရိသတ်ပါ အသည်းတယားယားနဲ့ အန္တရာယ်များလှတဲ့ အားကစားနည်းတွေအကြောင်း ပြောပြချင်ပါတယ်။

(၁) နွားရိုင်းသတ်ကစားပွဲ

Photo: Forbes

နွားရိုင်းတွေဟာ ဧရာမအကောင်အထည်နဲ့ ရန်လိုလှတဲ့ သတ္တဝါဖြစ်ပါတယ်။ ဒီလို ခွန်အားကြီးပြီး ဒေါသဆူလွယ်လှတဲ့ နွားရိုင်းနဲ့ သတ်ပုတ်တဲ့ ကစားနည်းဟာ ကမ္ဘာ့နိုင်ငံတချို့မှာ အလွန်ပဲ ရေပန်းစားပါတယ်။ စပိန်နိုင်ငံမှာဆို Bull Fighting နွားရိုင်းသတ်ပွဲတွေကို တခမ်းတနား ကျင်းပကြပါတယ်။ နွားရိုင်းသတ်တဲ့သူကို Matador လို့ ခေါ်ပြီး နွားရိုင်းကို သွေးပိုဆူအောင် အနီရောင်ပုဝါစကြီး ပြပြပြီး ဆွရပါတယ်။ နွားရိုင်းသတ်ပွဲမှာ နွားရိုင်းရဲ့ ချွန်မြတဲ့ ချိုကားကြီးတွေအကြားမှာ အသက်ထွက်သွားတဲ့ Matador တွေလည်း အများကြီး ရှိခဲ့ပါတယ်။ နောက်တော့ ဒီကစားနည်းကို ပိတ်ပင်လာကြလို့ နောက်ပိုင်းမှာ Bull Fighting ကစားနည်းဟာ လုံးဝပျောက်ကွယ်သွားဖို့ ရှိပါတယ်။

(၂) လှိုင်းစီးခြင်း

Photo: Teton Gravity Research

ဧရာမလှိုင်းလုံးကြီးတွေပေါ်မှာ Surfing စီးတဲ့ အားကစားကလည်း စွန့်စားမှုနဲ့ အန္တရာယ်တင်းကြမ်း ပြည့်နေတဲ့ အားကစားနည်းပါပဲ။ လှိုင်းစီးကစားတဲ့ ပြိုင်ပွဲတွေထဲမှာ World Surf League က နာမည်ကြီးပါတယ်။ သေလောက်အောင် အန္တရာယ်များလှတဲ့ လှိုင်းကြီးတွေအပေါ် စင်္ကြန်လျှောက်ဖို့ဆိုတာ တော်ရုံကျွမ်းကျင်မှုနဲ့ သတ္တိရှိရုံနဲ့ မလုံလောက်တာ အမှန်ပါပဲ။ သုတေသနတွေအရ တစ်နှစ်မှာ Surfer ၁ သိန်းမှာ ၂.၃၆ ယောက်နှုန်း လှိုင်းစီးရင်း အသက်ဆုံးရှုံးလေ့ရှိတယ်လို့ ဆိုပါတယ်။

(၃) ပြိုင်ကားမောင်းခြင်း

Photo: Car in My Life

တစ်နာရီမိုင် ၂၀၀ ကျော် နှုန်းနဲ့ ပြေးလမ်းပေါ် ပြိုင်ကားမောင်းရတာဟာ ကြည့်ရုံနဲ့တင် သည်းထိတ်ရင်ဖို ဖြစ်ရတဲ့ အားကစားနည်းတစ်ခု ဖြစ်ပါတယ်။ MotorSports ပြိုင်ပွဲတွေဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်ပေါင်းများစွာကတည်းက ကမ္ဘာတလွှားမှာ ကျင်းပလာခဲ့တာ ဖြစ်ပြီး အသက်ဘေးနဲ့ အနီးဆုံး အားကစားတစ်ခုအဖြစ်လည်း သတ်မှတ်ခံထားရပါတယ်။ အခုခေတ်မှာ ကားနည်းပညာတွေ အဆင့်မြင့်လာတာကြောင့် အသေအပျောက်နည်းလာတယ်ဆိုတာတောင် တစ်နှစ်ကို ကားပြိုင်ပွဲတွေမှာ အနည်းဆုံးလူတစ်ယောက်တော့ သေဆုံးရလေ့ရှိတယ်လို့ ဆိုပါတယ်။

(၄) လျှပ်တိုက်စီး

Photo: Next Luxury

Luge Board ကစားနည်းကို အန္တရာယ်အများဆုံးအားကစားနည်းတွေထဲမှာ ထည့်သွင်းသတ်မှတ်ထားကြပါတယ်။ Luge Board ဟာ Skateboard လို ဘုတ်ပြားပေါ်မှာ စီးရတာ ဖြစ်ပေမယ့် လူက ဘုတ်ပြားပေါ်မှာ ပက်လက်လှဲကာ အရှိန်နဲ့ လျှောတိုက်စီးရတာပါ။ အန္တရာယ်များလွန်းလို့ ကစားသမားတွေဟာ Helmet ဦးထုပ်တွေနဲ့ လယ်သာလက်ရှည်အင်္ကျီတွေလို အကာအကွယ်တွေနဲ့ ဝတ်ကစားရပါတယ်။ ဒါတောင် ဘေးကင်းပါမယ်လို့ အာမခံလို့ မရပါဘူး။

Luge Board စီးသူဟာ ဘုတ်ပြားပေါ်ကနေ အချိန်မရွေး ပြုတ်ကြပြီး ထိခိုက်မိနိုင်ပါတယ်။ ဆောင်းရာသီအားကစားတွေထဲမှာ ပါတဲ့ နာမည်ကျော်အားကစားတစ်ခုဖြစ်ပြီး အသက်ဘေးသိပ်နီးလွန်းပါတယ်။ ၂၀၁၀ ဆောင်းရာသီအိုလံပစ်ပွဲတော်မတိုင်ခင်မှာ နိုဒါကူမာရီတာရှဗီးဟာ နောက်ဆုံးဖိုင်နယ်လေ့ကျင့်နေချိန် အသက်ဆုံးရှုံးခဲ့ရဖူးပါတယ်။

(၅) Jai Alai

Photo: Rove.me

Jai Alai ကစားနည်းက ဇွန်းခွက်ပုံစံ တုတ်ချောင်းကြီးနဲ့ ဘောလုံးကို ကြမ်းပြင်ကို ပေါက်ပြီး အပေါ်တက်လာချိန်မှာ ဘောလုံးကို နံရံဆီ လှမ်းရိုက်ပါတယ်။ နံရံက ကန်ထွက်လာတဲ့ ဘောလုံးကို တစ်ဖက်အသင်းကစားသမားက လေထဲမှာတင် ဖမ်းရမှာပါ။ လေထဲမှာ တစ်နာရီ ၁၈၆ မိုင်နှုန်းနဲ့ ကန်ထွက်လာတဲ့ ဘောလုံးကို အဖမ်းမတော်ရင် အထိနာမယ်ဆိုတာ မေးစရာလိုမယ် မထင်ပါဘူး။ နောက်တစ်ခုရှိတာက Jai Alai ဘောလုံးဟာ ဂေါက်သီးလုံးထက် ပိုမာပြီး ပိုလည်း လေးပါတယ်။ Helmet ဆောင်းထားတယ်ဆိုပေမယ့် မှန်လိုက်ရင် သေနတ်နဲ့ ပစ်သလောက်နီးပါး နာသွားနိုင်ပါတယ်။

အခုပြောခဲ့တာတွေ အပြင် တောင်ပေါ်ကနေ လေထီးခုန်ရတဲ့ Base Jumping ၊ ဟယ်လီကော်ပတာအကူအညီနဲ့ ရေခဲတောင်အမြင့်ကြီးတွေပေါ်ကနေ စကိတ်စီးတဲ့ Heli-Skiing ၊ အလွတ်တန်း တောင်တက်တဲ့ Free Solo Rock Climbing ၊ ရေစီးသန်တဲ့ တောင်ကျချောင်းထဲ လှေလှော်တဲ့ White Water Rafting နဲ့ တောင်ဆင်း Mountain Bike စီးခြင်းတို့လည်း အသက်ဘေးနဲ့နီးလို့ ကမ္ဘာ့အန္တရာယ်အများဆုံး အားကစားနည်းတွေထဲမှာ ထည့်သွင်းပြောရမှာ ဖြစ်ပါတယ်။

Featured Photo: Córdoba Competición