အကြမ်းအရမ်း အက်ရှင်ကားချစ်သူတွေအတွက် ဒီနှစ်ထဲမှာ ကြည့်စရာတွေ များပါတယ်။ တချို့ကားတွေကတော့ Action တန်းထက် Horror ဆန်တာ ၊ Adventure ဆန်တာတွေ ရှိပါတယ်။ ဥပမာ- Godzilla vs Kong ၊ Jungle Cruise တို့လိုမျိုး ဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာတော့ Rotten Tomatoes ရုပ်ရှင်ရီဗျူးဝက်ဘ်ဆိုက်ရဲ့ အဆင့်သတ်မှတ်ချက်အရ ဒီနှစ်ထွက်အကောင်းဆုံး အက်ရှင်ကားတချို့အကြောင်း တင်ဆက်လိုက်ပါတယ်။

(၅) Nobody

Photo: jasonsmovieblog

ဘော့ပ်အိုဒန်ကရစ်ခ်သရုပ်ဆောင်ထားတဲ့ Nobody ကားကို Rotten Tomatoes ဆိုက်က အကောင်းဆုံးအက်ရှင်ကား ၅ ကားစာရင်းမှာ ထည့်သွင်းဖော်ပြထားပါတယ်။ ဒီကားက ဟက်ချ် မန်ဆယ်ဆိုတဲ့ ကလေးနှစ်ယောက်ဖခင်ရဲ့ အိမ်ကို သူခိုးနှစ်ယောက် ဝင်ဖောက်ရာက စပါတယ်။ သူ့အချိန်စက်ဝိုင်းနဲ့သူ လည်ပတ်နေတဲ့ မန်ဆယ်ဟာ ဒီဖြစ်ရပ်မှာ သူခိုးတွေကို ပြန်ဆော်နိုင်တဲ့အခွင့်အရေးရခဲ့ပေမယ့် ပြန်မလုပ်ခဲ့ဘဲ အသာတကြည်လွှတ်ပေးခဲ့လို့ ဆယ်ကျော်သက်အရွယ် သားဖြစ်သူက သူ့အဖေကို စိတ်ပျက်နေတာပါ။ တကယ်တော့ သူ့အဖေ မန်ဆယ်ဟာ ပေါ့သေးသေးမဟုတ်ပါဘူး။ သူ့ကို လျှော့တွက်ခဲ့တာကြောင့် ရုရှားဂိုဏ်းစတား ယူလီယန် ကတ်ဇ်နက်ဆော့ဗ်တို့တစ်ဖွဲ့ရဲ့ ကံကြမ္မာဟာ ပြာကျသွားခဲ့ပါတယ်။ Nobody ဟာ Rotten Tomatoes မှာ ၈၃% Rating ရထားပါတယ်။

(၄) BAJOCERO

Photo: 73tv

အကျဉ်းသားတစ်ယောက်ကို ပို့တဲ့ ဗင်ကား တိုက်ခိုက်ခံရတဲ့နောက် တာဝန်ကျအရာရှိဟာ ဒီကိစ္စမှာ ပါဝင်ပတ်သတ်နေသူတိုင်းနဲ့ ရင်ဆိုင်ရပါတော့တယ်။ စပိန်စကားပြော ရုပ်ရှင်ဖြစ်တဲ့ BAJOCERO ကတော့ သည်းထိတ်ရင်ဖိုအက်ရှင်ကားတစ်ကားအနေနဲ့ Rotten Tomatoes မှာ Rating ၈၈% ရထားပါတယ်။

(၃) The Suicide Squad

Photo: themoviedb

Suicide Squad တွေက အက်ရှင်ဆိုပေမယ့် ဟာသလေးတွေ ပါတတ်ပါတယ်။ ဂျွန်စီနာ (Peacemaker) ၊ အိုင်းဒရစ် အယ်လ်ဘာ (Bloodsport) ၊ ဆီဗက်စတာ စတားလုံး (King Shark) ၊ မာဂေါ့ရော်ဘီ (Harley Quinn) တို့နဲ့ မြိုင်မြိုင်ဆိုင်ဆိုင်သရုပ်ဆောင်ထားတဲ့ အက်ရှင်ကားပါ။ အစိုးရအဖွဲ့ဟာ Bloodsport ၊ Peacemaker ၊ King Shark ၊ Harley Quinn စတဲ့ ကမ္ဘာ့အန္တရာယ်အများဆုံးစူပါဗီလိန်ကြီးတွေကို Corto Maltese လို့ခေါ်တဲ့ စွမ်းအားမြင့်လက်နက်တွေ ထုတ်နေတဲ့ ရန်သူရှိရာကျွန်းကို စေလွှတ်လိုက်ပါတယ်။ ဒီကားက Rotten Tomatoes မှာ Rating ၉၀% ရထားတဲ့ကား ဖြစ်ပါတယ်။

(၂) Riders Of Justice

Photo: ihorror

Riders Of Justice ကားမှာ မားကပ်စ်အဖြစ် သရုပ်ဆောင်ထားတဲ့ မင်းသားကြီး မတ် မစ်ကယ်ဆန်က သူ့ရဲ့ ဆယ်ကျော်သက်အရွယ်သမီးငယ်ကို စောင့်ရှောက်ဖို့ အိမ်ကို ပြန်ဖို့ ဖြစ်လာပါတယ်။ သူ့ဇနီးက ထိတ်လန့်စရာရထားမတော်တဆမှုမှာ အသတ်ခံခဲ့ရတာပါ။ အသက်ရှင်လာသူတစ်ဦးဆီက အခင်းဖြစ်ရပ်အကြောင်း ကြားရပြီးတဲ့နောက် သူ့ဇနီးအသတ်ခံရတဲ့ကိစ္စကို မားကပ်စ်ဟာ သံသယဝင်လာပါတယ်။ Rating ၉၆% အထိ ရထားတဲ့ ကားပါ။

(၁) The Paper Tigers

Photo; rottenlime

The Paper Tigers ရုပ်ရှင်မှာ ကျားသုံးဖော်လို့ နာမည်ကြီးတဲ့ သိုင်းသမားသုံးဦးရဲ့ ဆရာ အသတ်ခံရပါတယ်။ ဒါကို ပြန်လက်တုံ့ပြန်ဖို့ ဖြစ်လာပါတယ်။ စက္ကူကျားဆိုတာ သေချာအနီးကပ် ပေါင်းကြည့်လိုက်ရင် ပါဝါမရှိတဲ့သူဆိုတဲ့ အီဒီယမ်ဖြစ်ပါတယ်။ Rotten Tomatoes မှာ ၉၈% အထိ Rating ရထားလို့ မလွတ်တမ်းကြည့်သင့်တဲ့ အက်ရှင်ကားတစ်ခုလို့ ပြောနိုင်ပါတယ်။

Featured Photo; rottenlime