တစ်နှစ်တစ်နှစ် ထွက်လာတဲ့ ရုပ်ရှင်ကားတွေက ကြည့်မကုန်အောင်ပါပဲ။ ဒါကြောင့်ပဲ တစ်ခါတလေ ဘယ်ကားကို ကြည့်လိုက်ရပါ့မလဲနဲ့ ဗျာများရတာလည်း ခဏခဏ ဖြစ်တတ်ပါတယ်။ ရုပ်ရှင်ဝါသနာအိုးအများစုကတော့ ဒါမျိုး အာရုံနောက်မခံပါဘဲ Rotten Tomatoes နဲ့ IMDb Rating တွေ သွားကြည့်ဖို့ ဇာတ်ကားရွေးကြည့်လိုက်တာ များပါတယ်။ ဒီတစ်ခေါက်မှာလည်း ၂၀၂၁ ကားဟောင်းတွေထဲက Tomatometer ရဲ့ Ranking သတ်မှတ်ချက် အမြင့်ဆုံးကားတွေထဲက အကောင်းဆုံးဆိုတဲ့ ရုပ်ရှင်ကားတွေအကြောင်း ညွှန်းချင်ပါတယ်။

(၅) The Worst Person In The World

Photo: indiewire

ဒရာမာဟာသဇာတ်မြူးရုပ်ရှင်အမျိုးအစားဖြစ်တဲ့ နော်ဝေးရုပ်ရှင် The Worst Person In The World ကားကို ဒါရိုက်တာ ဂျိုယာချင်းမ် ထရိုင်ယာက ရိုက်ကူးထားပြီး ၂၀၂၁ ခုနှစ် ကိန်းစ်ရုပ်ရှင်ပွဲတော်မှာ ဒီရုပ်ရှင်ရဲ့ မင်းသမီး ရီနိတ် ရိန်းဆေ့ဖ်ဟာ အကောင်းဆုံးအမျိုးသမီးဇာတ်‌ဆောင်ဆု ရခဲ့သလို ၉၄ ကြိမ်မြောက် အကယ်ဒမီဆုပေးပွဲမှာလည်း အကောင်းဆုံး နိုင်ငံတကာရုပ်ရှင်အဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။ ဒီရုပ်ရှင်ဟာ ဒါရိုက်တာ ဂျိုယာချင်းမ် ထရိုင်ယာရဲ့ Reprise နဲ့ Oslo အပြီး ထွက်လာတဲ့ တတိယရုပ်ရှင်ဖြစ်ပြီး Rotten Tomatoes မှာ ၉၉% Rating ရထားလို့ ကြည့်ဖြစ်အောင် ကြည့်လိုက်ဖို့ တိုက်တွန်းချင်ပါတယ်။

(၄) Slalom

Photo: The Guardian

၂၀၂၀ နှစ်ကုန်က ထွက်ခဲ့ပြီး နိုင်ငံတကာမှာ ၂၀၂၁ မှ ပြသနိုင်ခဲ့လို့ ၂၀၂၁ ခုနှစ်အတွက် Tomatometer မှာ ပါလာတာပါ။ သရုပ်ဆောင်တဲ့ မင်းသားမင်းသမီးလောက်ပဲ ကြည့်ရုံနဲ့ဆို စိတ်ဝင်စားစရာကောင်းမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ဒီရုပ်ရှင်ဟာ ၁၅ နှစ်အရွယ် စကိတ်မယ်လေးရဲ့ ပရော်ဖက်ရှင်နယ် စကိတ်ကြယ်ပွင့်တစ်ယောက်အဖြစ် ဖြတ်သန်းလာခဲ့တဲ့ အကြောင်းပါ။ ဝေဖန်သူတွေက ဒီရုပ်ရှင်ဟာ လွယ်ကူတဲ့ အဖြေတွေကို ငြင်းဆန်ထားတဲ့ တလွဲဖြစ်မှုရဲ့ရုပ်ပုံလွှာလို့ ခပ်ဆန်းဆန်း ဝေဖန်ထားပါတယ်။ Rotten Tomatoes မှာ ၁၀၀% Rating ရထားပြီး IMDb က ၆.၇ ပေးထားပါတယ်။

(၃) Quo Vadis, Aida?

Photo: The Guardian

Quo Vadis, Aida? ဆိုတာ မင်းဘယ်သွားနေသလဲ အီဒါတဲ့။ ဘော့စနီးယန်းဘာသာစကားလို့ ပြောပါတယ်။ နိုင်ငံတကာရုပ်ရှင်ကုမ္ပဏီ ၁၂ ခုနဲ့ ပူးပေါင်း ထုတ်လုပ်ထားတဲ့ ကားဖြစ်ပြီး ၇၇ ကြိမ်မြောက် ဗင်းနစ်နိုင်ငံတကာ ရုပ်ရှင်ပွဲတော်မှာ ပြသခဲ့ပြီး ၉၃ ကြိမ်မြောက် အကယ်ဒမီဆုပေးပွဲမှာ အကောင်းဆုံးနိုင်ငံတကာရုပ်ရှင်ဆု ဆန်ကာတင် စာရင်းဝင်ခဲ့သလို ၃၄ ကြိမ်မြောက် ဥရောပရုပ်ရှင်ဆုပွဲတောမှာ အကောင်းဆုံးရုပ်ရှင်ဆု ရခဲ့ပါတယ်။ ၁၉၉၅ ခုနှစ်က ဆားဘီးယန်းအစုအပြုံလိုက် လူသတ်မှုကို အခြေခံထားတဲ့ ဒါရာမာရုပ်ရှင်ဖြစ်ပြီး IMDb Rating ၈.၀ နဲ့ Rotten Tomatoes မှာ ၁၀၀% ရထားပါတယ်။

(၂) Drive My Car

Photo: scmp

ထူးထူးခြားခြား Rotten Tomatoes ရဲ့ ၂၀၂၁ အတွက် Ranking အမြင့်ဆုံးကားတစ်ကားက ဂျပန်ရုပ်ရှင် ဖြစ်ပါတယ်။ ဟာရူကီ မူရာကာမိရဲ့ Men Without Women ဝတ္ထုတိုပေါင်းချုပ်ထဲက Drive My Car ဝတ္ထုတိုကို အခြေခံပြီး ဂျပန်ဒါရိုက်တာ ရူဆူကဲ ဟာမာဂူချီက ရိုက်ကူးထားတာပါ။ ၂၀၂၁ ခုနှစ်ရဲ့ အကောင်းဆုံးရုပ်ရှင်ကားတစ်ကားအဖြစ် သတ်မှတ်ထားပြီး ၂၀၂၁ ကိန်းစ်ရုပ်ရှင်ပွဲတော်မှာ အကောင်းဆုံးဇာတ်ညွှန်းဆုအပါအဝင် ဆုသုံးဆုအထ ရခဲ့သလို ၉၄ ကြိမ်မြောက် အကယ်ဒမီဆုပေးပွဲမှာလည်း အကော်ငးဆုံးနို်ငငံတကာစကားပြောရုပ်ရှင်အဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။

ဒါတင်မကပါဘူး။ ၇၉ ကြိမ်မြောက် ရွှေကမ္ဘာလုံးဆုပွဲတော်မှာလည်း အကောင်းဆုံး နိုင်ငံခြားစကားပြောရုပ်ရှင်အဖြစ် ချီးမြှင့်ခံရလို့ မဖြစ်မနေ ကြည့်ရှုသင့်တဲ့ ကားကောင်းအဖြစ် ညွှန်းချင်ပါတယ်။ ဒီရုပ်ရှင်က Rottento Tomatoesမှာ ၉၈% ရထားပါတယ်။

(၁) 76 Days

Photo: dogwoofsales

ဝူဟန်မှာ စတင် ဖြစ်ပွားခဲ့တဲ့ COVID-19 ကို ရင်ဆိုင်တိုက်ခိုက်ခဲ့တဲ့ ရှေ့တန်းရောက် ဆေးပညာရှင်တွေနဲ့ လူနာတွေရဲ့ ရုန်းကန်မှုကို ပုံဖော်ထားတဲ့ Documentary ကားတစ်ကားပါ။ တရုတ်-အမေရိကန်ရုပ်ရှင်ဖြစ်ပြီး ဒါရိုက်တာ Hao Wu ၊ Weixi Chen နဲ့ နောက်ထပ် ဒါရိုက်တာတစ်ဦးတို့ ရိုက်ထားတာပါ။ ဒီကားကို အမေရိကန်မှာလည်း ပြသခဲ့ပြီး ၉၃ ကြိမ်မြောက် အကယ်ဒမီဆုပေးပွဲမှာ အကောင်းဆုံး မှတ်တမ်းရုပ်ရှင်များစာရင်းမှာ ဆန်ကာတင် ပါဝင်ခဲ့ပြီး ၂၀၂၁ ခုနှစ် Primetime Creative Arts Emmy Aware လည်း ရခဲ့ပတယ်။ ဒီကားကလည်း Rotten Tomatoes မှာ ၁၀၀% Rating ရထားပါတယ်။

Featured Photo: scmp