နည်းပညာအသစ်အဆန်းတွေ စိတ်ဝင်စားသူတွေအတွက်တော့ တစ်နှစ်တစ်နှစ် နည်းပညာလောကထဲက Big Event ကြီးတွေ စောင့်မျှော်ရစမြဲပါ။ Apple လိုမျိုး ကုမ္ပဏီထုတ်ကုန်မိတ်ဆက်ပွဲကနေ နည်းပညာဆိုင်ရာ ဖလှယ်ပွဲ ၊ နည်းပညာကုန်စည်ပြပွဲ ၊ စာတမ်းဖတ်ပွဲနဲ့ ကွန်ဖရင့်တွေ အမျိုးမျိုးကလည်း နည်းပညာချစ်သူတွေကို ဆွဲဆောင်နေကြတဲ့ ပွဲတွေပဲ ဖြစ်ပါတယ်။

ဒီနှစ်ထဲမှာလည်း အစဉ်အလာမပြတ် နည်းပညာပွဲတွေတော့ ဆက်ရှိနေပါတယ်။ အိုမီခရွန်လို ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲသစ်ရဲ့ ဂယက်ကြောင့် နည်းပညာပွဲအတော်များများက Virtual Event တွေအဖြစ် အွန်လိုင်းကနေပဲ ကျင်းပသွားဖို့ ရှိပါတယ်။ ကြီးကြီးမားမား နည်းပညာပွဲတွေထဲကတစ်ခုဖြစ်တဲ့ CES (Consumer Electronics Show) ပွဲကိုတော့ အွန်လိုင်းရော Offline ပါ Hybrid ပုံစံနဲ့ ကျင်းပသွားခဲ့ပါတယ်။

ဇန်နဝါရီ ၅ ရက်နေ့က လာ့စ်ဗီးဂတ်စ်မှာ ကျင်းပတဲ့ CES ပွဲမှာ မောင်းသူမဲ့ကားတွေ ၊ အမိုက်စား စမတ် TV နဲ့ စက်ရုပ်နည်းပညာသစ်တွေ မြင်ခဲ့ရသလို ကျန်တဲ့ နည်းပညာပွဲတွေထဲကမှ အရေးပါတဲ့နည်းပညာပွဲတွေမှာလည်း နောက်ထပ် နည်းပညာသစ်တွေ မြင်ရဦးမှာပါ။ ဒီနှစ် နည်းပညာလောကပြက္ခဒိန်မှာ ကျင်းပဖို့ လျာထားတဲ့ ပွဲတွေထဲက အရေးပါတဲ့ ပွဲတွေအကြောင်းကို အောက်မှာ ဖော်ပြလိုက်ပါတယ်။

(၁) Mobile World Congress

Photo: The Verge

MWC လို့ အလွယ်တကူခေါ်ကြတဲ့ Mobile World Congress ပွဲကို စပိန်နိုင်ငံ ဘာစီလိုနာမြို့မှာ ကျင်းပလေ့ရှိပါတယ်။ ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှာ ဒီနှစ် MWC 2022 ပွဲကို ကျင်းပဖို့ စီစဉ်ထားပါတယ်။ နှစ်တစ်နှစ်ရဲ့ အကြီးဆုံးနည်းပညာပွဲတွေထဲကတစ်ခုဖြစ်ပြီး ဩဇာကြီးမားတဲ့ နည်းပညာပွဲလည်း ဖြစ်ပါတယ်။ တစ်ကမ္ဘာလုံးက ထိပ်တန်းနည်းပညကုမ္ပဏီကြီးတွေရဲ့ နည်းပညာထုတ်ကုန်တွေနဲ့ အလားအလာ ၊ မျှော်မှန်းချက်နဲ့ ဆန်းသစ်မှုတွေကို မြင်ရတဲ့ပွဲလည်း ဖြစ်ပါတယ်။ MWC ဟာ မိုဘိုင်းနဲ့ နည်းပညာကဏ္ဍက နာမည်ကျော်ပုဂ္ဂိုလ်တွေနဲ့ အဆက်အသွယ် ချိတ်ဆက်နိုင်ဖို့ အကောင်းဆုံးနေရာလည်း ဖြစ်ပါတယ်။

(၂) MWC Shanghai

Photo: mwcshanghai

ဒီပွဲကတော့ တရုတ်မှာ လုပ်တဲ့ အရှေ့ပိုင်း Mobile World Congress ပွဲ ဖြစ်ပါတယ်။ တရုတ်နိုင်ငံ ရှန်ဟိုင်းမှာ ကျင်းပသွားမှာပါ။ ဇွန်လ ၈ ရက်နေ့ ကျင်းပသွားဖို့ ရှိပြီး အာရှရဲ့ အကြီးဆုံး ထိပ်တန်းနည်းပညာပွဲတစ်ခုလည်း ဖြစ်ပါတယ်။ MWC Shanghai မှာ မျိုးဆက်သစ်နည်းပညာတွေ ဖြစ်တဲ့ 5G ၊ IoT ၊ AI ၊ Big Data နဲ့ တခြား နည်းပညာသစ်တွေအကြောင်း မြင်တွေ့ ကြားသိရမှာပါ။

(၃) IFA

Photo: Fairs

ဥရောပရဲ့ အကြီးဆုံး နည်းပညာထုတ်ကုန်ပြပွဲတစ်ခုဖြစ်တဲ့ IFA ပွဲကို ဂျာမနီနိုင်ငံ ဘာလင်မြို့မှာ ကျင်းပလေ့ရှိပါတယ်။ ဆယ်စုနှစ်ပေါင်းများစွာ ကျင်းပလာတဲ့ နာမည်ကြီးနည်းပညာပြပွဲတစ်ခုဖြစ်ပြီး စက်တင်ဘာလ ၂ ရက်နေ့မှာ ကျင်းပဖို့ ရှိပါတယ်။ ဥရောပရဲ့ နည်းပညာလောကကို လွှမ်းမိုးသွားမယ့် နော်ကဆုံးပေါ် ထုတ်ကုန်တွေနဲ့ ဆန်းသစ်တီထွင်မှုတွေကို IFA 2022 မှာ ခင်းကျင်းပြသ သွားဖို့ ရှိပါတယ်။

(၄) AI & Big Data Expo Global

Photo: devfestdc

ဒီဇင်ဘာလ ၁ ရက်နေ့ မှာ တစ်နှစ်တာနည်းပညာပွဲကြီးတွေထဲက နောက်ဆုံးပွဲတစ်ခုဖြစ်တဲ့ AI & Big Data Expo Global ပွဲ ကျင်းပသွားဖို့ ရှိပါတယ်။ ဒီပွဲက နာမည်အတိုင်း AI နဲ့ Big Data ဆိုင်ရာ ဆန်းသစ်တီထွင်မှုတွေနဲ့ နည်းပညာသစ်တွေ ၊ နည်းဗျူဟာပိုင်းဆိုင်ရာ အခွင့်အလမ်းနဲ့ ဖော်ဆောင်မှုတွေကို ကွန်ဖရင့်လိုမျိုး တင်ပြမိတ်ဆက်တာအပြင် ခင်းကျင်းပြသတာမျိုးတွေပါ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

Featured Photo: mwcshanghai