ဘောလုံးသမားဘဝမှာ ချန်ပီယံလိဂ်ဖလားကလွဲပြီး ဆုဖလား တော်တော်များများကို ပိုင်ဆိုင်နိုင်ဖူးတဲ့ ကစားသမား ၊ ကွင်းလယ်မှာ positions ပေါင်းများစွာကို ပိုင်ပိုင်နိုင်နိုင် ကစားနိုင်တတ်တဲ့ ကစားသမား ဖာဘရီဂတ်စ်ကတော့ ဇူလိုင် (၁)ရက်နေ့မှာပဲ သူ့ ကစားသမားဘဝကို အဆုံးသတ်လိုက်ပြီဖြစ်ကြောင်း တရားဝင် ထုတ်ပြန်သွားခဲ့ပါတယ်။

Photo Credit : Planet Football

ဘာစီလိုနာရဲ့ လာမာစီယာ အကယ်ဒမီကနေ ထွက်ပေါ်လာတဲ့ ဖာဘရီဂတ်စ်က ၂၀၀၃မှာ အာဆင်နယ် အကယ်ဒမီဆီ ရောက်ရှိလာရင်း သိပ်မကြာခင်မှာပဲ အာဆင်နယ် စီနီယာအသင်းအတွက် ပွဲကစားခွင့်တွေ စတင် ရရှိလာခဲ့ပါတယ်။ အာဆင်နယ်မှာ (၈)ရာသီကြာအောင် ပါဝင်ကစားဖြစ်ခဲ့တဲ့ ဖာဘရီဂတ်စ်က ၂၀၀၅-၀၆ ဘောလုံးရာသီမှာတော့ အာဆင်နယ်နဲ့အတူ ချန်ပီယံလိဂ် ဖိုင်နယ်ထိ တက်လှမ်းနိုင်ခဲ့ရပေမယ့် သူ့အသင်းဟောင်း ဘာစီလိုနာကို အရေးနိမ့်ရင်း ဆုဖလားကြီးနဲ့ လွဲချော်ခဲ့ရပါတယ်။

Photo Credit : The Mirror

၂၀၁၁မှာ ဘာစီလိုနာကို ပြန်သွားခဲ့တဲ့ ဖာဘရီဂတ်စ်က လာလီဂါမှာ (၃)ရာသီ ကျင်လည်ပြီးနောက် ချယ်လ်ဆီးနဲ့အတူ ပရီးမီးယားလိဂ်ဆီ တစ်ကျော့ပြန် ရောက်ရှိလာခဲ့ပါတယ်။ ချယ်လ်ဆီး ကစားသမား ဖြစ်လာချိန်မှာတော့ ဖာဘရီဂတ်စ်က အင်္ဂလန်မှာ ရယူနိုင်မယ့် ဆုဖလားအားလုံးကို ပိုင်ဆိုင်နိုင်ခဲ့ရပြီး ချယ်လ်ဆီးမှာလည်း (၅)ရာသီလောက်အထိ ဖြတ်သန်းခဲ့ပါသေးတယ်။ အဲ့ဒီနောက်မှာတော့ မိုနာကို နဲ့ ကိုမိုအသင်းတွေဆီ ဆက်တိုက် ပြောင်းရွှေ့ခဲ့ပြီး အခုတော့ ကိုမိုရဲ့ အရန်အသင်း လူငယ်အသင်းနည်းပြအဖြစ် ဆက်လက် ဆောင်ရွှက်သွားတော့မှာပဲ ဖြစ်ပါတယ်။

Photo Credit : The Indian Express

ကလပ်အသင်း ကစားသမားဘဝမှာ ချန်ပီယံလိဂ်ကလွဲလို့ ကျန်တဲ့ ဆုဖလားတွေကို ပိုင်ဆိုင်နိုင်ခဲ့တဲ့ ဖာဘရီဂတ်စ်က စပိန် လက်ရွေးစင်အသင်းနဲ့တော့ ၂၀၀၈ ယူရိုဖလား ၊ ၂၀၁၀ ကမ္ဘာ့ဖလား နဲ့ ၂၀၁၂ ယူရိုဖလားတို့ကို ဆက်တိုက် ပိုင်ဆိုင်နိုင်ခဲ့ရပါတယ်။ ဒါ့အပြင် ဖာဘရီဂတ်စ်က စပိန်အတွက်ကိုလည်း ပွဲပေါင်း (၁၁၀)အထိ ကစားပေးခဲ့ပြီး သွင်းဂိုး (၁၅)ဂိုးပါ သွင်းယူပေးနိုင်ခဲ့ပါသေးတယ်။ ဒီလို အောင်မြင်မှုတွေ ရယူနိုင်ခဲ့တဲ့ ဖာဘရီဂတ်စ်က အခုတော့ ကစားသမားဘဝကို အဆုံးသတ်ပြီး နည်းပြနယ်ပယ်ထဲ ချက်ချင်း ဝင်ရောက်ခဲ့ပြီမို့ နည်းပြတစ်ယောက်အဖြစ် ဘယ်လောက်အထိ စွမ်းဆောင်သွားနိုင်ဦးမလဲဆိုတာ စောင့်ကြည့်သွားရပါမယ်။

Featured Photo : The Mirror