ကမ္ဘာ့စမတ်ဖုန်းလောကဟာ သိပ်ကို အပြိုင်အဆိုင်များပါတယ်။ စမတ်ဖုန်း OEM တွေဟာ သူ့ထက်ငါ ဆန်းတဲ့ဖုန်း ၊ လန်းတဲ့ဖုန်းတွေ ထုတ်ဖို့ အားကြိုးမာန်တက် ကြိုးစားလာတာ သူတို့ရဲ့ ထုတ်ကုန်တွေက သက်သေပါပဲ။ ပြီးခဲ့တဲ့နှစ်ထဲမှာ စမတ်ဖုန်း Features နဲ့ Functions ပိုင်းအပြင် ဒီဇိုင်းပိုင်းမှာလည်း အပြောင်းအလဲသစ်တွေ လုပ်လာတဲ့ ဖုန်းတွေ အများကြီး မြင်ခဲ့ရပါတယ်။ ဒီလို ဖုန်းတွေထဲက ၂၀၂၁ ခုနှစ်ရဲ့ Sexy အကျဆုံး ဖုန်းတချို့အကြောင်းကို အောက်မှာ ဖော်ပြလိုက်ပါတယ်။

(၁) Google Pixel 6 & 6 Pro

Photo: 9to5google

စမတ်ဖုန်းဈေးကွက်မှာ Google ထုတ် Pixels စီးရီးတွေက Apple ၊ Samsung ၊ Xiaomi ၊ OPPO ၊ Vivo တို့လောက် မအောင်မြင်ဘူးလို့ ပြောနိုင်ပါတယ်။ ဝယ်လိုအားနဲ့ ဈေးကွက်ထဲ ရောက်ရှိမှုအရ Google Pixel ဖုန်းတွေက အားရစရာ မရှိပေမယ့် Google ဖုန်းတွေဟာ ဒီဇိုင်းပိုင်းမှာ အများနဲ့ ကွဲပြားပြီး Unique အဖြစ်ဆုံးလို့ ဆိုရမှာပါ။ ၂၀၂၁ ခုနှစ်မှာ ထွက်လာတဲ့ Google Pixel 6&6 Pro တွေရဲ့ ဖုန်းတွေဟာ ဒီဇိုင်းပိုင်းမှာ Unique-Looking ဖြစ်မှုကို အထင်းသား ဖော်ပြနိုင်စွမ်းရှိလာပါတယ်။

Pixel 6 စီးရီးတွေမှာ အမြင်သာဆုံးဒီဇိုင်းကွဲလွဲမှုက ဖုန်းနောက်ကျောဘက်က ဆွဲဆောင်မှုရှိတဲ့ ကင်မရာဘားပဲ ဖြစ်ပါတယ်။ ဒါဟာ အရင် Nexus 6P နဲ့ ဆင်ပြီး Upgrade ဖြစ်လာတယ်လို့ ဆိုရမှာပါ။ နောက်ထပ် ဆွဲဆောင်မှုရှိတာက Google ရဲ့ ဆန်းသစ်တဲ့ ကာလာအတွဲအစပ်တွေပဲ ဖြစ်ပါတယ်။ ဖုန်းဒီဇိုင်းကြည့်ရုံနဲ့ ဒါ Pixel 6 စီးရီးပဲလို့ တန်းပြောနိုင်တာက ဒီဇိုင်းပိုင်းရဲ့ ထူးခြားမှုပါပဲ။

(၂) OPPO Find X3 Pro

Photo: theaxo

ဒီဇိုင်းဘက်မှာ ဆန်းသစ်မှုတွေ အမြဲလုပ်နေတဲ့ တရုတ်ဖုန်းကုမ္ပဏီတွေထဲမှာ OPPO လည်း ပါပါတယ်။ OPPO Find X စီးရီးတွေက စထွက်ကတည်းက ဒီဇိုင်းဘက်မှာ ချီးကျူးစရာကောင်းခဲ့ပါတယ်။ OPPO Find X3 Pro မှာ နောက်ဘက်ကင်မရာ Bump ထားတဲ့ပုံစံက သပ်ရပ်ပြီး မြင်နေကျလေးထောင့် Cut-Out တွေကနေ ခွဲထွက်ပြီး ကျောဘက်ကာဗာကနေ ကင်မရာအိမ်ဆို လျှောတက်သွားတဲ့ Sloping ဒီဇိုင်း နဲ့ ထွက်လာတာပါ။

ကျောဘက်ကာဗာဟာ အလွန်မြင့်မားတဲ့ အပူချိန်နဲ့ မှန်အပိုင်းအစလေးတွေကို အပူပေးပြီး ပုံသွင်းတည်ဆောက်ထားတာပါ။ လိုချင်တဲ့ပုံစံရအောင် အနုပညာတစ်ခုလို ပုံဖော်ထားတာ သိသာပါတယ်။ ကုမ္ပဏီရဲ့အရ ဈေးကွက်ဝင် Final Design မချခင်မှာ ကုမ္ပဏီဟာ မတူတဲ့ ထုတ်လုပ်ရေးပုံသွင်း Molds ပေါင်း ၁၀၀ နဲ့ စမ်းသပ်ထားတယ်လို့ ဆိုပါတယ်။

(၃) Samsung Galaxy S21 / S21 Plus

Photo: phonearena

Samsung Galaxy S21/S21 Plus တွေဟာ Colorway အတွဲအစပ် ဆွဲဆောင်မှုမြင့်တဲ့ဖုန်းတွေ ဖြစ်ပြီး ကင်မရာအိမ်ကိုလည်း ကွဲပြားတဲ့ ဖက်ရှင်ထုတ်ထားပါတယ်။ Phantom Violet ကာလာနဲ့ လာတဲ့ ဖုန်းတွေမှာဆို ရွှေရောင် ကင်မရာအိမ်နဲ့ ထုတ်ထားတာဖြစ်လို့ Two-Tone ကာလာရဲ့ ချောမွေ့မှုကို တွေ့ရပါတယ်။ ပရီမီယံဖုန်းတွေ ဖြစ်တဲ့အတိုင်း Premium Feel ပေးနိုင်စွမ်းရှိပါတယ်။

(၄) Realme GT

Photo: neuf

Vegan Leather ကာဗာနဲ့ ဖုန်းတွေဟာ စိတ်လှုပ်ရှားစရာကောင်းတာ အမှန်ပါပဲ။ Premium ဖုန်းလောကထဲ Realme GT နဲ့ ဝင်ရောက်လာတဲ့ Realme ဟာ Vegan Leather နဲ့ ရဲရင့်ပေါ်လွင်တဲ့ကာလာဖက်ရှင်ကို သုံးလာပါတယ်။ အဝါပေါ် ထောင်လိုက်အနက်စင်းနဲ့လာတဲ့ ဖုန်းဒီဇိုင်းက တခြားဖုန်းတွေနဲ့ ခွဲခြားရလွယ်ကူပါတယ်။ ဆွဲဆောင်မှုရှိပြီး ဒေါ်လာ ၄၀၀ ကျော် ဈေးဖြစ်တာကလည်း စိတ်ဝင်စားစရာပါပဲ။

Featured Photo: medcom