ချမ်းသာကြွယ်ဝတဲ့ အောင်မြင်ကျော်ကြားသူတွေရဲ့ ဘဝတွေက အားကျမက်မောစရာပါပဲ။ ဒါပေမယ့် အဲ့ဒီအောင်မြင်မှုတွေနောက်ကွယ်မှာ ခက်ခဲတမ်းကြမ်းမှု ၊ စွန့်လွှတ်စွန့်စားမှုတွေအများကြီး ရှိနေတယ်ဆိုတာတော့ လူတွေသိပ်ပြီးသတိမထားမိကြပါဘူး။ အောင်မြင်သူ အများစုက ရွှေဇွန်းကိုက်ပြီး မွေးဖွားလာသူတွေမဟုတ်သလို ပန်းခင်းလမ်းကိုလျှောက်ခဲ့ကြသူတွေလည်း မဟုတ်ပါဘူး။ ဒီတစ်ခေါက်မှာတော့ ကမ္ဘာပေါ်က ထင်ရှားကျော်ကြားတဲ့ သန်းကြွယ်သူဌေးကြီးတွေရဲ့ဘဝအစ ပထမဆုံးလုပ်ကိုင်ခဲ့ကြတဲ့ အလုပ်အကိုင်တွေကို ပြောပြပေးချင်ပါတယ်။

(၁) Mark Cuban

Photo : CNBC

အမေရိကန် စွန့်ဦးတီထွင်လုပ်ငန်းရှင် ဘီလျံနာသူဌေးကြီး Mark Cuban ဟာ ငယ်ငယ်ကတည်း အိမ်နီးနားချင်းတွေဆီမှာ အမှိုက်အိတ်တွေ လိုက်ရောင်းရင်း ဝင်ငွေရှာခဲ့သူ ဖြစ်ပါတယ်။ သူ့ အသက် ၁၂ နှစ်အရွယ်မှာ ဘတ်စကက်ဘောဖိနပ်တစ်ရံဝယ်ဖို့အတွက် အခုလို တစ်အိမ်ဝင် တစ်အိမ်ထွက် အမှိုက်အိတ်တွေ လိုက်ရောင်းခဲ့တာ ဖြစ်ပါတယ်။

(၂) Warren Buffett

Photo : Biography

Berkshire Hathaway ကုမ္ပဏီရဲ့ CEO တစ်ဖြစ်လည်း ကမ္ဘာ့အချမ်းသာဆုံး ရင်းနှီးမြုပ်နှံမှု ပြုလုပ်သူ သူဌေးကြီး Warren Buffett ဟာ ၎င်းအသက် ၁၃ နှစ်အရွယ်ကတည်းက သတင်းစာပို့တဲ့အလုပ်ကို စတင်လုပ်ကိုင်ခဲ့ပါတယ်။ ငယ်ရွယ်စဉ်ကတည်းက ရင်းနှီးမြုပ်နှံမှုကို စိတ်ဝင်စားသူဖြစ်တဲ့အလျှောက် အသက် ၁၅ နှစ်မှာပဲ ဧက ၄၀ ရှိတဲ့ မြေကွက်တစ်ခုကို ဒေါ်လာ ၁၂၀၀ နဲ့ ဝယ်ယူပြီး ရင်းနှီးမြုပ်နှံမှု စတင်ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

(၃) Jeff Bezos

Photo : WGHP

Amazon ကုမ္ပဏီကို ထူထောင်သူ ဘီလျံနာ Jeff Bezos ဟာ ဆယ်ကျော်သက်အရွယ်တုန်းက နွေရာသီကျောင်းပိတ်ရက်တွေဆိုရင် McDonald’s ဆိုင်မှာ ဘာဂါလှန်တဲ့အလုပ်ကို လုပ်ခဲ့တာဖြစ်ပါတယ်။ McDonald’s ဆိုင်ရဲ့ စားဖိုဆောင်မှာ အလုပ်လုပ်ခဲ့တဲ့ Jeff Bezos ဟာ လက်ရှိမှာတော့ ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်တစ်ယောက်ဖြစ်လာခဲ့ပြီဖြစ်ပါတယ်။

(၄) Elon Musk

Photo : Bloomberg.com

Tesla Motors ရဲ့ CEO ဖြစ်သူ နည်းပညာစွန့် ဦးတီထွင်လုပ်ငန်းရှင် Elon Musk ဟာ အသက် ၁၂ နှစ်အရွယ်ကတည်းက Blastar လို့ခေါ်တဲ့ ၎င်းရဲ့ ဗီဒီယိုဂိမ်းအတွက် ကုဒ်တွေ စရေးနေခဲ့တာဖြစ်ပြီး ဒီဂိမ်းကို နည်းပညာမဂ္ဂဇင်းတစ်ခုထံ ဒေါ်လာ ၅၀၀ နဲ့ ရောင်းချခဲ့တာဖြစ်ပါတယ်။ နည်းပညာကိုငယ်ငယ်ကတည်းက စိတ်ဝင်စားခဲ့တဲ့ Elon Musk ဟာ လက်ရှိမှာ လျှပ်စစ်ကားထုတ်လုပ်ရေးကုမ္ပဏီ Tesla ၊ အီလက်ထရွန်းနစ် ငွေပေးချေမှုလုပ်ငန်း PayPal အပါအဝင် Space X ကုမ္ပဏီနဲ့အတူ အာကာသအထိ ခရီးနှင်ဖို့ အထိလုပ်ဆောင်နေပြီပဲဖြစ်ပါတယ်။

(၅) Richard Branson

Photo : Business Insider

Virgin လုပ်ငန်းစုတည်ထောင်သူ Richard Branson ဟာ အသက် ၁၁ နှစ်အရွယ်ကတည်းက အလှမွေးငှက် မွေးမြူရေးလုပ်ငန်းငယ်လေးကို လုပ်ကိုင်ခဲ့တာဖြစ်ပြီး အတန်းဖော်တွေကို ရောင်းချခဲ့တာပဲ ဖြစ်ပါတယ်။ ခရစ္စမတ်ရာသီရောက်တဲ့အခါမှာလည်း ပွဲတော်ရက်အတွက် ခရစ္စမတ်သစ်ပင်တွေ ရောင်းချခဲ့ပြီး ငယ်ရွယ်စဉ်ကတည်းက စီးပွားရေးလုပ်ငန်းတွေနဲ့ လက်ပွန်းတတီးရှိခဲ့သူပဲ ဖြစ်ပါတယ်။

Featured Photo : Shridhay – Medium