၂၀၀၇ ခုနှစ်မှာ Apple ကုမ္ပဏီဟာ ထုတ်ကုန်တစ်ခုတည်းနဲ့ ကမ္ဘာ့နည်းပညာလောကကို အကြီးအကျယ် ပြောင်းလဲပစ်နိုင်ခဲ့ပါတယ်။ အဲ့ဒါကတော့ iPhone ဖြစ်ပါတယ်။ အခုဆို iPhone တွေ ထုတ်လာခဲ့တာ ၁၅ နှစ်တာ ကာလကို ရောက်လာခဲ့ပြီ ဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ်အထိ တစ်နှစ်ကို iPhone တစ်လုံးပဲ မိတ်ဆက်ရာကနေ Apple ဟာ နောက်ပိုင်းနှစ်တွေမှာ တစ်နှစ်ကို iPhone မော်ဒယ်သစ် ၅ မျိုးအထိ ကြေညာလာခဲ့ပါတယ်။

၂၀၂၂ ခုနှစ်မှာလည်း 5G ပထမဆုံး ပါလာမယ့် iPhone SE သစ်ဖြစ်တဲ့ iPhone SE 3 နဲ့အတူ iPhone 14 မော်ဒယ်သစ်တွေ မြင်ရဖို့ ရှိပါတယ်။ iPhone သစ်တွေ မကြေညာခင် ထွက်ခဲ့တဲ့ iPhone တွေထဲက အကောင်းဆုံး iPhone အဖြစ် PCMag က ညွှန်းထားတာလေးတွေ ပြန်ဖော်ပြလိုက်ပါတယ်။

(၅) iPhone 12 Pro (2020)

Photo: techlekh

Apple ထုတ် iPhone သစ်တွေမှာ တကျော့ပြန် လေးထောင့်စပ်စပ် Square-Edged ဒီဇိုင်းကို ပြန်သုံးလာခဲ့တဲ့ ၂၀၂၀ မော်ဒယ်ဖြစ်ပါတယ်။ Apple ရဲ့ ပထမဆုံး 5G iPhone ဖြစ်သလို Night Mode ကင်မရာစွမ်းဆောင်ရည်ပိုင်းမှာလည်း အများကြီး တိုးတက်လာတဲ့ဖုန်းပါ။ iPhone 12 Pro ဟာ အပြောင်းအလဲသစ်တွေ ယူဆောင်လာတဲ့ ပရီမီယံ iPhone ဖြစ်ပေမယ့် ၂၀၂၂ ခုနှစ်မှာ ထွက်မယ့် iPhone 14 Series ကတော့ ရုပ်ဆိုးတဲ့ Notch ဒီဇိုင်းကို ဖယ်ရှားသွားမယ်လို့ သတင်းတွေ ထွက်နေပါတယ်။

(၄) iPhone X (2017)

Photo: itpro

ဆယ်နှစ်မြောက် အထူးထုတ် iPhone တစ်လုံးဖြစ်တဲ့ iPhone X မှာ အသစ်စက်စက် ဒီဇိုင်းနဲ့ ပထမဆုံးအကြိမ် OLED Screen သုံးလာခဲ့ပါတယ်။ iPhone တွေရဲ့ Icon လို ဖြစ်နေတဲ့ Physical Home Button ကို မသုံးတော့ဘဲ Face ID ကို ပထမဆုံး သုံးလာခဲ့သလို AR စွမ်းဆောင်ရည်တွေလည်း ပါဝင်လာပါတယ်။ ဒီဖုန်းဟာ ၉၉၉ ဒေါ်လာ‌ဈေးနဲ့ ထွက်လာတဲ့ ပထမဆုံးဖုန်းတစ်လုံးလည်း ဖြစ်ပါတယ်။

(၃) iPhone SE

Photo: The New York Times

Apple ထုတ် iPhone တွေထဲမှာ အအောင်မြင်ဆုံးနဲ့ လူကြိုက်အများဆုံး မော်ဒယ်တစ်ခုက Special Edition လို့ ခေါ်တဲ့ SE မော်ဒယ်ဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်က ထွက်ခဲ့ပြီး ဈေးသက်သာမှု ၊ စွမ်းဆောင်ရည်ကောင်းပြီး Compact ဆိုဒ် ကျစ်လျစ်မှုက ဒီဖုန်းရဲ့ ထူးခြားချက်ပါ။ Screen Size အကြီးစားဖုန်းတွေ ထွက်လာတဲ့ခေတ်မှာတောင် iPhone SE ကို Upgrade လုပ်ပြီး ၂၀၂၀ မှာ ထပ်ထုတ်ပါတယ်။ ဒီနှစ်ထဲမှာလည်း တတိယမျိုးဆက် iPhone SE သစ်ကို မြင်ရမှာပါ။

(၂) iPhone 5 (2012)

Photo: Business Today

3G မော်ဒယ် iPhone တစ်လုံးကနေ 4G LTE နဲ့ ၄ လက်မဆိုဒ် Screen Size အကြီးနဲ့ ပထမဆုံး ပုံပြောင်းလိုက်တာက စိတ်ဝင်စားစရာအပြောင်းအလဲပါ။ iPhone 5 ဟာ ဒီဇိုင်းပိုင်းအရရော စွမ်းဆောင်ရည်သွက်လက်မြန်ဆန်မှုအရလည်း လူကြိုက်များခဲ့တဲ့ မော်ဒယ်ဖြစ်ပါတယ်။ ဆယ်နှစ်ကြာပြီ ဖြစ်တဲ့ ဒီဖုန်းကို အခုထက်ထိ သုံးနေကြသူတွေ ရှိနေဆဲပါ။

(၁) iPhone 3G (2008)

Photo: usatoday

ပထမဆုံး မျိုးဆက် original iPhone ဟာ ခေတ်တစ်ခေတ်ရဲ့ အပြောင်းအလဲဖြစ်ပေမယ့် တခြား Third-Party Apps တွေ သုံးမရခဲ့တဲ့ ပြဿနာ ရှိခဲ့ပါတယ်။ iPhone 3G မှာ အထူးခြားဆုံးက iOS 2.0 နဲ့အတူ ပထမဆုံး App Store ပါဝင်လာခြင်းပဲ ဖြစ်ပါတယ်။ ၂၀၀၈ မော်ဒယ်ဟာ Original iPhone နဲ့ Hardware ပိုင်းမှာ သိပ်အပြောင်းအလဲ ဖြစ်မလာပေမယ့် သူ့ရဲ့ ဆော့ဖ်ဝဲလ်ဟာ စမတ်ဖုန်းလောကအတွက် တံခါးတစ်ချပ်ဖွင့်လှစ်လိုက်တာပဲ ဖြစ်ပါတယ်။

Featured Photo: usatoday