စောစောအိပ်ရာကထပြီး အားကစားလုပ်ဖို့ ကာယဆရာတွေနဲ့ ကျန်းမာရေးလိုက်စားသူတွေက အကြံပြုလေ့ရှိပါတယ်။ မနက်ဖက် အားကစားလုပ်တာဟာ စိတ်ကို ပိုပြီး တက်ကြွထက်သန်စေပြီး အားကစားလုပ်တဲ့အကျိုးကျေးဇူးကိုလည်း သိသိသာသာ ခံစားရစေလို့ ဖြစ်ပါတယ်။

နောက်တစ်ချက်ကလည်း မနက်စော အားကစားလုပ်ဖို့ အချိန်ပေးလိုက်တာကြောင့် ညနေဘက် အားလပ်ချိန်တွေမှာ ကိုယ်ဝါသနာပါတာ လုပ်လို့ရပါတယ်။ဒါကြောင့် ဒီတစ်ခေါက်မှာတော့ Early Morning Workout သမားတွေ သိထားသင့်တဲ့အချက်လေးတွေ မျှဝေပေးလိုက်ပါတယ်။

(၁) ညကတည်းက စီစဉ်ထားပါ

Photo: Unsplash

မနက်ဖက် အိပ်ရာကနိုးတာနဲ့ အားကစားလုပ်ဖို့ အဆင်သင့်ဖြစ်အောင် ညမအိပ်ခင်ကတည်းက မနက်ဖက် လုပ်စရာတွေ ကြိုစီစဉ်ထားသင့်ပါတယ်။ မနက်စောစော Gym သွားတဲ့လူဆို ညကတည်းက Gym Bag ကို ပြင်ထားသင့်ပါတယ်။ အားကစားဖိနပ်နဲ့ Gym မှာ ဝတ်မယ့်အဝတ်အစားကိုလည်း Gym Bag နားမှာပဲ တစ်ခါတည်း အဆင်သင့်လုပ်ထားပါ။

(၂) အိပ်ချိန် ဇယားရှိပါစေ

Photo: Unsplash

အားကစားလုပ်မယ့်လူဟာ အိပ်ရေးပျက်ခံလို့ မဖြစ်ပါဘူး။ တစ်ညကို ၈ နာရီအနည်းဆုံး အိပ်နိုင်ဖို့ ညကတည်းက အိပ်ရာစောစော ဝင်ထားပါ။ မနက်ကို သတ်မှတ်ချိန် ထနိုင်အောင် Alarm ပေးထားတာမျိုး လုပ်နိုင်ပါတယ်။ ညဘက်နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ဖို့ အိပ်ရာမဝင်ခင် TV ကြည့်တာ ၊ ဖုန်းသုံးတာ ရှောင်ပြီး စာဖတ်တာ ၊ အကြောလျှော့တာမျိုး လုပ်ပေးသင့်ပါတယ်။

(၃) အပေါင်းအသင်းနဲ့ အားကစားလုပ်ပါ

Photo: Unsplash

မနက်စောစော အားကစားလုပ်တယ်ဆိုတာ တစ်ယောက်တည်းဆို ပျင်းစရာကောင်းသလို Motivation မရှိတာမျိုးလည်း ဖြစ်တတ်ပါတယ်။ အဖော်အပေါင်းနဲ့ အားကစားလုပ်ဖြစ်ရင်တော့ အားကစားလုပ်ဖို့ ရည်မှန်းချက်တွေလည်း ပိုခိုင်မာသလို မသွားဖြစ်ဘဲ ပျက်ကွက်တာမျိုးလည်း နည်းလာနိုင်ပါတယ်။ ဒါကြောင့် Morning Workout လုပ်ဖို့ စိတ်တူကိုယ်တူမိတ်ဆွေတစ်ယောက် ရှာဖို့လည်း အကြံပေးချင်ပါတယ်။

(၄) အားကစားမလုပ်ခင် အာဟာရပြည့်အောင် စားပါ

Photo: Unsplash

မနက်ခင်း အားကစားမလုပ်ခင်မှာ အစာကြေလွယ်ပြီး ခွန်အားဖြစ်စေမယ့် Pre-Workout Snacks လေးတွေ စားပေးသင့်ပါတယ်။ ဥပမာ- သစ်သီး Smoothies ၊ ဒိန်ချဉ် ၊ ငှက်ပျောသီး ၊ Oat Meals ၊ ပေါက်မုန့်ကြမ်း တို့လိုမျိုး ဖြစ်ပါတယ်။ အားကစားမလုပ်ခင် နာရီဝက်လောက်ကြိုပြီး အာဟာရဖြစ်မယ့် အစားအသောက်တွေ စားပေးတာက Workout ကိုလည်း အင်ပြည့်အားပြည့်လုပ်နိုင်စေမှာပါ။

Featured Photo: Deccan Herald