အရက်ဟာ ကျန်းမာရေးနဲ့ ညီညွတ်အောင် သောက်တတ်ရင် ကောင်းကျိုးပြုတဲ့ သောက်စရာတစ်မျိုးပါ။ အရက်ကြောင့် ရောဂါရပြီး လူမှုရေးပြဿနာကြုံရတယ်ဆိုတဲ့ လူတွေဟာ အရက်ကို စည်းစနစ်နဲ့ မသောက်တတ်လို့ ဖြစ်တာ များပါတယ်။ အရက်သောက်ပြီး ရောဂါမရအောင်ဆို အခုပြောမယ့်အချက်လေးတွေ လိုက်နာသင့်ပါတယ်။

(၁) စည်းကမ်းနဲ့သောက်ပါ

Photo:Unsplash

ပထမဆုံးပြောရမယ့်အချက်က ကိုယ့်ရဲ့ အရက်သောက်မှု ပမာဏကို စည်းကမ်းထားပြီး ကန့်သတ်ထားဖို့ပါ။ ဥပမာ- တစ်ယောက်တည်း အရက်သောက်တာမျိုး လုံးဝရှောင်ပါ။ တစ်ပတ်ကို ၂ ရက်ထက် ပိုပြီး အရက်မသာက်ပါနဲ့။ ဒါမှမဟုတ် အထူးအခမ်းအနားတွေရှိမှ သောက်တာမျိုး လုပ်ပါ။ တစ်ပတ်မှာ အနည်းဆုံး ၃ ရက်တော့ အရက်ရှောင်ပါ။ အရက်သောက်ချိန်မှာ တစ်ခါသောက် ၂ ခွက်ထက် ပိုမသောက်ပါနဲ့။

(၂) ဗိုက်ထဲ အစာမရှိချိန် မသောက်ပါနဲ့

Photo:Unsplash

အစာအိမ်ထဲ ဘာအစာမှ မရှိသေးတဲ့အချိန်မှာ အရက်သောက်တာဟာ သွေးထဲ တိုက်ရိုက်ရောက်ပြီး မြန်မြန်မူးယစ်စေပါတယ်။ သွေးထဲ အရက်ပျော်ဝင်မှု မြင့်လေလေ ထိန်းချုပ်နိုင်စွမ်း ကျဆင်းမှု တိုးလေလေပါပဲ။ သောက်နေချိန်မှာ ကာဗွန်ဟိုက်ဒရိတ်ပါတဲ့ အစားအသောက်တွေ ၊ ဆယ်လ်မွန်နဲ့ ထောပတ်သီးလိုမျိုး သဘာဝအဆီဓါတ်နဲ့လာတဲ့ အစားအစာတွေ ၊ ပရိုတိန်းမြင့်မားတဲ့ ချိစ်နဲ့ မြေပဲလို စားစရာတွေနဲ့ တွဲစားပေးသင့်ပါတယ်။

(၃) ရေနဲ့ ‌ရောသောက်ပါ

Photo:Unsplash

အရက်သောက်တော့မယ်ဆိုရင် တစ်ခွက်နဲ့တစ်ခွက်ကြား အချိန်ပေးပါ။ ဖြည်းဖြည်းချင်း သောက်ခြင်းက အရက်ဒဏ်ကို ခံနိုင်ရည်ပိုရှိစေပါတယ်။ အရက်သောက်ချိန်မှာ ရေလည်း မဖြစ်မနေ သောက်ပေးဖို့ လိုပါတယ်။ အရက်ဟာ ဆီးသွားမှုကို ပိုတိုးစေလို့ ရေဆာပြီး ရေဓါတ်ခမ်းခြောက်နိုင်ပါတယ်။ အရက်သောက်ချိန်မှာ ရေနဲ့ သောက်သောက်ပေးခြင်းအားဖြင့် အရက်နာကျတာလည်း မဖြစ်အောင် ကာကွယ်နိုင်ပါတယ်။

(၄) အရက်ကောင်းကောင်း သောက်ပါ

Photo:Unsplash

ဒီနေရာမှာ အရေအတွက်ထက် အရည်အသွေးက အရေးကြီးတယ် (Quality Over Quantity) ဆိုတဲ့ စကားကို လိုက်နာသင့်ပါတယ်။ အရက်ကို အမျိုးအစားကောင်းကောင်း ၊ အရည်အသွေးကောင်းကောင်း ရွေးသောက်ပါ။ နည်းနည်းနဲ့ အရသာခံသောက်ပါ။ တစ်ခါတလေမှာ အရက်ပြင်းတွေအစား အယ်လ်ကိုဟောနည်းတဲ့ ယမကာတွေကိုလည်း သောက်ပေးသင့်ပါတယ်။

နောက်တစ်ချက်ကတော့ အရက်သောက်မယ်ဆိုရင် Energy Drinks နဲ့ Mix Drinks တွေ သောက်တာမျိုးလည်း ရှောင်ကြဉ်သင့်ပါတယ်။ ကိုယ်သောက်နေကျ မဟုတ်တဲ့ အရက်တွေကို သောက်မယ်ဆို မူးအောင် မသောက်ပါနဲ့။ အရက်အဆိပ်သင့်တာမျိုး ဖြစ်တတ်ပါတယ်။ အခုပြောခဲ့တဲ့ နည်းလမ်းတွေနဲ့ သောက်သုံးတာဟာ ကျန်းမာရေးနဲ့ ညီညွတ်ပြီး တန်ဆေး ဆိုတဲ့အတိုင်း ဆေးဖြစ်မယ့် သောက်နည်းပဲ ဖြစ်ပါတယ်။