နိုင်ငံတကာရုပ်ရှင်ချစ် ပရိသတ်တွေအတွက် တွမ်ဟန့်ခ်ဆိုတဲ့ နာမည်နဲ့ မိတ်ဆက်ပေးစရာ လိုမှာ မဟုတ်ပါဘူး။ ပရိသတ်အများစုက တွမ်ဟန့်ခ်ကို Forrest Gump ၊ Captain Phillips ၊ Greyhound ၊ The Green Mile ၊ Saving Private Ryan ၊ Toy Story ၊ Bridge of Spies ၊ Philadelphia ကားတွေမှာ အကြိုက်ချင်း တူကြပါလိမ့်မယ်။ ဒီထက်မက ပြောစရာ တွမ်ဟန့်ခ်ရုပ်ရှင်တွေလည်း အများကြီး ရှိပါတယ်။

ဒီနှစ်ထဲမှာကို သိပ္ပံစိတ်ကူးယဉ်ရုပ်ရှင်ကားသစ် The Finch ထွက်ထားပြီး ရုပ်ရှင်ချစ်သူတွေရဲ့ ချီးကျူးမှုရရှိထားပါတယ်။ တွမ်ဟန့်ခ်ရဲ့ ရုပ်ရှင်သရုပ်ဆောင်ဘဝမှာ ဂန္ဓဝင်ရုပ်ရှင်တွေ အများကြီး ရိုက်ထားခဲ့တဲ့အထဲက အကောင်းဆုံးဆိုတဲ့ ရုပ်ရှင်တွေဆိုပြီး ပြန်ဆွဲထုတ်ပြဖို့ ခက်ပါတယ်။နိုဝင်ဘာလလယ်က လုပ်ခဲ့တဲ့ The Bill Simmons Show နဲ့ အင်တာဗျူးမှာ တွမ်ဟန့်ခ်က သူသရုပ်ဆောင်ခဲ့တဲ့ ရုပ်ရှင်တွေထဲက သူ့ရဲ့အကောင်းဆုံးရုပ်ရှင်ကားတွေအကြောင်း ပြန်ပြောပြပါတယ်။

Photo: The Guardian

“ဇာတ်ကားတစ်ကား ထွက်လာတဲ့ပုံနဲ့ ကျွန်တော် မရွေးချင်ပါဘူး။ အဲ့ဒီရုပ်ရှင်အတွက် ကျွန်တော် သရုပ်ဆောင်နေတုန်းမှာ ကြုံခဲ့ရတဲ့ အလွန်ကွဲပြားတဲ့ ပုဂ္ဂိုလ်ရေးအတွေ့အကြုံတွေနဲ့ပဲ ရွေးတာပါ။” လို့ တွမ်ဟန့်ခ်က ပြောပါတယ်။

သူကိုယ်တိုင်ရွေးချယ်တဲ့ အကောင်းဆုံး တွမ်ဟန့်ခ်ရုပ်ရှင်တွေထဲမှာ ပထမဆုံးရုပ်ရှင်က A League of Their Own ဆိုတဲ့ ရုပ်ရှင်လို့ ဆိုပါတယ်။ ၁၉၉၂ ခုနှစ်မှာ ဖြန့်ချီခဲ့တဲ့ ဒီရုပ်ရှင်ဟာ အမေရိကန်အမျိုးသမီး ပရော်ဖက်ရှင်နယ် ဘေ့စ်ဘောလိဂ်အကြောင်းပါ။ ရုပ်ရှင်ထဲမှာ မက်ဒေါနားနဲ့ ဂီးနာ ဒေးဗီးစ်တို့လည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဟန့်ခ်ဟာ ဒီရုပ်ရှင်အတွက် ရိုက်ကွင်းရှိတဲ့နေရာမှာ မိသားစုလိုက် ပြောင်းရွှေ့နေထိုင်ခဲ့ပြီး တစ်နွေလုံး ဘေ့စ်ဘောကစားရင်း အချိန်ကုန်ခဲ့တယ်လို့ ဆိုပါတယ်။

ဒုတိယရုပ်ရှင်က ၂၀၀၀ ပြည့်နှစ်က နာမည်ကြီးခဲ့တဲ့ Cast Away ဆိုတဲ့ ရုပ်ရှင် ဖြစ်ပါတယ်။ ကျွန်းပေါ်မှာ သောင်တင်နေခဲ့သူတစ်ဦးရဲ့ အသက်ရှင်သန်ရေးအတွက် ရုန်းကန်မှုကို တင်ဆက်ထားတာပါ။ “အဲ့ဒီကား ရိုက်တုန်းက အတော်လေးရဲရင့်တဲ့ စွန့်စားမှုတွေ လုပ်ခဲ့ရပါတယ်။ သမုဒ္ဓရာအလယ်မှာ ရိုက်ကူးရေးလုပ်ရတာ ဖြစ်လို့ ရိုက်ချက်တွေ ကောင်းအောင်လည်း လုံးပန်းခဲ့ရတယ်။ ဖီဂျီ (‌ပစိဖိတ်တောင်ပိုင်းနိုင်ငံတစ်ခု) မှာ နှစ်နေရာ ပြောင်းခဲ့ရပြီး တစ်မိသားစုလုံး ကျွန်တော်နဲ့ လိုက်ခဲ့ရတယ်။ နေ့တိုင်းက စွန့်စားခန်းတွေပါပဲ” လို့ ဟန့်ခ်က ဆိုပါတယ်။

Photo: MLive

တတိယမြောက်ရုပ်ရှင်ဟာ ၂၀၁၂ က ထွက်ခဲ့တဲ့ Cloud Atlas ဖြစ်ပါတယ်တဲ့။ ဒီကားကို ဂျာမနီနိုင်ငံ ဘာလင်မြို့ ၊ စပိန်နိုင်ငံ မာယော့ကာ နဲ့ ဂျာမန်အရှေ့ပိုင်း ဒရက်စ်ဒန်းမြို့တို့မှာ ရိုက်ခဲ့ရပြီး ဟန့်ခ်အနေနဲ့ ပထမဆုံးအကြိမ် ဂျာမနီမှာ ရိုက်ကူးရေးလုပ်ခဲ့တာလို့ ဆိုပါတယ်။ အခုပြောခဲ့တာတွေက တွမ်ဟန့်ခ်ရဲ့ အကောင်းဆုံးဆိုတဲ့ ရုပ်ရှင်တွေ ဖြစ်ပါတယ်။ တွမ်ဟန့်ခ်ရုပ်ရှင်ချစ် ပရိသတ်အများစုကတော့ တွမ်ဟန့်ခ်နဲ့ ပြိုင် ငြင်းချင်ကြမယ် ထင်ပါတယ်။

Feature Photo: NME