အဝတ်အစားဆိုတာ လူတိုင်းကင်းကွာလို့မရတဲ့ အခြေခံလိုအပ်ချက်တစ်ခုပါ။ လူတွေကို လှလှပပ တင့်တင့်တယ်တယ် ဝတ်ဆင်နိုင်အောင် အဝတ်အစားဒီဇိုင်းဖန်တီးတဲ့သူတွေကတော့ ဝတ်စားဆင်ယင်မှုကို တစ်ဆင့်မြှင့်တင်ပေးတဲ့ ပညာရှင်တွေပဲလို့ ပြောချင်ပါတယ်။ ဖက်ရှင်ဒီဇိုင်နာတွေထဲကမှ ကမ္ဘာ့ထိပ်တန်းဩဇာအကြီးဆုံး အမျိုးသားဖက်ရှင်ဒီဇိုင်နာတွေကတော့

(၁) Calvin Klein

Photo: vogue

အမေရိကန်ဖက်ရှင်ဒီဇိုင်နာ ကယ်လ်ဗင် ကလိန်းကို သူ့ရဲ့ ရိုးရှင်းပြီး သက်တောင့်သက်သာရှိသလောက် ဈေးကြီးလှတဲ့ အဝတ်အစားဒီဇိုင်းတွေကြောင့် နာမည်နဲ့တကွ တွဲသိကြပါတယ်။ Calvin Klein အမှတ်တံဆိပ်တွေ နာမည်ကြီးတဲ့အထဲမှာ အငြင်းပွားဖွယ်ရာ ကြော်ငြာတွေကြောင့်ပါ လူသိများကြပါတယ်။

(၂) Christian Dior

Photo: dior

နာမည်ကျော် ခရစ်ရှန် ဒီအောကို ၁၉၀၅ ခုနှစ်က ပြင်သစ်နိုင်ငံ ဂရန်ဗီးလ်မှာ မွေးဖွားခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်အလွန် ဖက်ရှင်လောကကို ဒီအောက ကြီးစိုးခဲ့ပါတယ်။ သူ့ဖက်ရှင်တွေက အမျိုးအစားစုံ ကျား/မစုံ ထွက်ပါတယ်။ ဒီအောဟာ သူ့ခေတ်သူ့အခါက ဖက်ရှင်ရေစီးကြောင်းနဲ့ ကွဲထွက်တဲ့ လက်ရာတွေ ဖန်တီးနိုင်ခဲ့ပြီး ခေတ်တစ်ခေတ်ကို ပုံဖော်ခဲ့တဲ့ ဖက်ရှင်ဒီဇိုင်နာလည်း ဖြစ်ပါတယ်။

(၃) Domenico Dolce & Stefano Gabbana

Photo: luxurylondon

ဒိုမန်နီကို ဒိုးလ် နဲ့စတီဖာနို ဂက်ဘာနားတို့နှစ်ဦးက အီတလီဖွား ဖက်ရှင်ဒီဇိုင်နာတွေပါ။ လိင်တူချစ်သူနှစ်ဦးဖြစ်တဲ့ သူတို့စုံတွဲကို ဖက်ရှင်လောကမှာ Dolce & Gabbana ဆိုပြီး လူသိများပါတယ်။ ဖက်ရှင်အမှတ်တံဆိပ်အနေနဲ့ D&G ဖြစ်ပါတယ်။ ၂၀၁၃ မှာ သူတို့ရဲ့ Relationship အဆုံးသတ်ခဲ့ပေမယ့် D&G အတွက်တော့ ဆက်ပြီး လက်တွဲခဲ့ကြပါတယ်။ ကိန်းစ်ရုပ်ရှင်ပွဲတော်တွေမှာ သူတို့ရဲ့လက်ရာကို မက်ဒေါနားဝတ်ပြီး တက်ချိန်ကစလို့ အကြီးအကျယ် အောင်မြင်မှု ရလာခဲ့တာပါ။

(၄) Giorgio Armani

Photo: luxurysociety

ကမ္ဘာကျော် အီတလီဖက်ရှင်ဒီဇိုင်နာတစ်ဦးဖြစ်တဲ့ ဂျော်ဂျီယို အာမာနီဟာ ကမ္ဘာ့တန်ဖိုးအကြီးဆုံး ဖက်ရှင်အမှတ်တံဆိပ်တွေထဲကတစ်ခုကို ဖြစ်တဲ့ Armani လုပ်ငန်းကို တည်ထောင်ခဲ့သူလည်း ဖြစ်ပါတယ်။ အားကစားလောကမှာ စိတ်ဝင်စားမှုလည်း မြင့်မားတဲ့ အာမာနီရဲ့ အမှတ်တံဆိပ်တွေဟာ အားကစားဘက်မှာလည်း ပေါက်ပါတယ်။ ဒေါ်လာ ၉.၅၃ ဘီလျံ ပိုင်ဆိုင်တဲ့ အာမာနီဟာ LGBT ထဲက အချမ်းသာဆုံးဘီလျံနာတစ်ဦးလည်း ဖြစ်ပါတယ်။

(၅) Michael Kors

Photo: gq-magazine

မိုက်ကယ် ကောစ်က နယူးယော့ခ်က အမျိုးသားဝတ် ၊ အမျိုးသမီးဝတ်တွေ ထုတ်လုပ်တဲ့ ဖက်ရှင်ဒီဇိုင်နာပါ။ ဖက်ရှင်ဒီဇိုင်း အသားပေးထားတဲ့ အမေရိကန် Reality TV Series ဖြစ်တဲ့ Project Runway မှာ ပါခဲ့ပြီးနောက် ကောစ်ကို လူသိများလာတာပါ။ ဒီဇိုင်နာဘဝမှာ မရှိမဖြစ် အသုံးအဆောင်မျိုးတွေဘက် ဖန်တီးရေးအားစိုက်ခဲ့ပါတယ်။ သူ့ရဲ့ နာမည်ကျော်ဖက်ရှင်ထုတ်ကုန်က အရည်အသွေးမြင့် လက်ကိုင်အိတ်တွေ ဖြစ်ပါတယ်။ နောက်ပိုင်းမှာ မျက်မှန်တွေလည်း ထုတ်လာပါတယ်။ အသက် ၆၄ နှစ်အရွယ် မိုက်ကယ်ကောစ်ဟာလည်း ဖက်ရှင်နဲ့ ချမ်းသာတဲ့ ဘီလျံနာတစ်ဦးဖြစ်ပါတယ်။

Featured Photo: dior