ကမ္ဘာပေါ်က အတော်ဆုံး MMA ဖိုက်တာတွေ မွေးထုတ်ပေးနေတဲ့ UFC သမိုင်းမှာ အထူးချွန်ဆုံး ဖိုက်တာတွေ တပုံကြီး ထွက်ပေါ်လာနေပါတယ်။ တချို့ဖိုက်တာတွေကတော့ UFC ကြိုးဝိုင်းမှာ ဘယ်တော့မှ ရှုံးပွဲမကြုံဖူးသေးကြပါဘူး။ ဒီလို ဖိုက်တာတွေထဲကမှ UFC ရဲ့ ၂၈ နှစ်တာ သမိုင်းတစ်လျှောက် ရှုံးပွဲမရှိ အတော်ဆုံးဖိုက်တာ ၅ ဦးအကြောင်း ဖော်ပြလိုက်ပါတယ်။

(၅) ဘရိုင့်စ် မစ်ချဲလ်

Photo: tapology

အမေရိကန်နိုင်ငံသား ဘရိုင့်စ် မစ်ချဲကို Thug Nasty လို့လည်း နာမည်ပြောင်နဲ့ လူသိများပါတယ်။ ဖယ်သာဝိတ်တန်းကို ၂၀၁၅ ကနေစပြီး ထိုးသတ်လာရာမှာ ၁၄ ပွဲထိုး ၊ ရှုံးပွဲမရှိ စံချိန်တင်ထားပါတယ်။ ၂၀၂၁ ဇူလိုင် ၁၂ ရက်နေ့အထိ UFC ဖယ်သာဝိတ်အဆင့်သတ်မှတ်ချက်အရ အဆင့် ၁၁ နေရာမှာ ရှိပါတယ်။

(၄) ရှာမီးလ် ဂမ်ဇာတော့ဗ်

Photo: docsports

ရုရှားဖိုက်တာ ဂမ်ဇာတော့ဗ်ဟာ လိုက်ဟဲဗီးဝိတ်တန်းရော မစ်ဒယ်ဝိတ်တန်းပါ ထိုးသူ ဖြစ်ပါတယ်။ UFC ကြိုးဝိုင်းထဲ ၂၀၁၂ ခုနှစ်ကနေ ရောက်လာပြီး အခုထိ ထိုးသတ်သမျှ ၁၄ ပွဲမှာ ရှုံးပွဲ မရှိသေးပါဘူး။ UFC မှာ လာမထိုးခင်က World Series of Fighting နဲ့ Absolute Championship Berkut မှာ လိုက်ဟဲဗီးဝိတ်တန်း ထိုးသတ်ခဲ့သလို Professional Fighters League မှာလည်း မစ်ဒယ်ဝိတ်တန်း ထိုးခဲ့သူ ဖြစ်ပါတယ်။

(၃) မော့ဗ်ဆာ အိဗ်လို့ဗ်

Photo: UFC

နောက်ထပ် ရုရှား MMA ဖိုက်တာတစ်ယောက်ဖြစ်တဲ့ မော့ဗ်ဆာဟာ UFC မှာ ဖယ်သာဝိတ်တန်း ကစားခဲ့သူ ဖြစ်ပြီး UFC ဖယ်သာဝိတ်အဆင့်သတ်မှတ်ချက်မှာ ၁၃ နေရာက ရှိပါတယ်။ ၂၀၁၄ မှာ ပရော်ဖက်ရှင်နယ်ဖိုက်တာအဖြစ် စပြီး လျှောက်လှမ်းခဲ့တဲ့သူဟာ ဘန်တမ်ဝိတ်တန်းလည်း ပြီးခဲ့တဲ့ ၃ နှစ်ကအထိ ထိုးခဲ့ဖူးသူ ဖြစ်ပါတယ်။ လောလောဆယ် ဖယ်သာဝိတ်တန်း ထိုးသတ်နေပြီး ၁၅ ပွဲနိုင် ရှုံးပွဲမရှိ စံချိန်တင်ထားပါတယ်။

(၂) ဂျက်ခ်ရှိုး

Photo: UFC

Tank လို့ နာမည်ပြောင်နဲ့လည်း ထင်ရှားတဲ့ ဂျက်ခ်ရှိုးကတော့ ဝေးလ်နယ်သားဖြစ်ပြီး ဖယ်သာဝိတ်မှာ ၂၀၁၆ ကနေ ၂၀၁၈ အထိ ထိုးသတ်ခဲ့ပြီး ၂၀၁၈ နောက်ပိုင်းမှာ ဘန်တမ်ဝိတ်တန်း ထိုးသတ်လာပါတယ်။ ပရော်ဖက်ရှင်နယ် UFC ဖိုက်တာအနေနဲ့ ၁၅ ပွဲထိုးသတ်ရာမှာ ရှုံးပွဲမရှိသေးပါဘူး။

(၁) ခါဘစ် နာမက်ဂိုမီဒေါ့ဗ်

Photo: DNA India

The Eagle နာမည်ပြောင်ပေးထားတဲ့ ခါဘစ်ဟာ UFC သမိုင်းမှာ အကြီးကျယ်ဆုံးဖိုက်တာအဖြစ် သတ်မှတ်ခံထားရပါတယ်။ ၂၀၀၈ ခုနှစ်ကနေ ၂၀၂၀ အထိ ပွဲပေါင်း ၂၉ ပွဲ ထိုးသတ်ရာမှာ ရှုံးပွဲမရှိစံချိန်တင်ထားတဲ့ တစ်ဦးတည်းသော ဖိုက်တာလည်း ဖြစ်ပါတယ်။ ရုရှားနိုင်ငံသား ခါဘစ်ဟာ ၂၀၀၉ ကနေ ၂၀၁၁ အထိ ဝယ်သာဝိတ်တန်း ထိုးခဲ့ပြီး ၂၀၀၈-၂၀၁၀ နဲ့ ၂၀၁၂-၂၀၂၁ တွေမှာ လိုက်ဝိတ်တန်းမှာ ထိုးသတ်ခဲ့တာပါ။

UFC ချန်ပီယံဖြစ်လာတဲ့ ပထမဆုံး မူစလင် MMA ဖိုက်တာတစ်ဦးလည်း ဖြစ်တဲ့ ခါဘစ်နဲ့ ကော်နာမက်ဂရီဂေါ်တို့ရဲ့ ၂၀၁၈ ခုနှစ်က လက်ဝှေ့ပွဲဟာ အခပေးကြည့်ရှုမှု ၂.၄ သန်းအထိ ရောင်းအားတက်ခဲ့ပြီး MMA ပွဲမှာ လူကြည့်အများဆုံးလက်ဝှေ့ပွဲ ဖြစ်ခဲ့ပါတယ်။ ဂျက်စတင် ဂေးသီးကို နိုင်တဲ့ ၂၉ ပွဲမြောက် အနိုင်ပွဲအပြီးမှာ UFC ဖိုက်တာဘဝကနေ နားလိုက်ပြီ ဖြစ်တကြောင်း ကြေညာခဲ့ပါတယ်။

Featured Photo: DNA India