Fitness Training တွေမှာ လျှို့ဝှက်ချက်တွေ ရှိပါတယ်။ လျှို့ဝှက်ချက်ဆိုပေမယ့် သိပ်ရှုပ်ထွေးနက်နဲတာတော့လည်း မဟုတ်ပါဘူး။ တကယ်က Body Buildup လုပ်ရာမှာ အခြေခံအကျဆုံးစည်းမျဉ်းတွေက Workout Secrets တွေပါပဲ။ ဒီလျှို့ဝှက်ချက်တွေကို လိုက်နာရင် ကိုယ်လိုချင်တဲ့ ဘော်ဒီပုံစံ ရနိုင်ပါတယ်။ အဲ့ဒီလျှို့ဝှက်ချက်လေးတွေ မျှဝေပေးချင်ပါတယ်။

(၁) Warm Up နဲ့ Cool Down အလေ့အကျင့်ထားပါ

Photo: Unsplash

အားကစားမလုပ်ခင် သွေးပူလေ့ကျင့်ခန်း ဆင်းတာကို Warming Up လုပ်တယ်လို့ ပြောကြပါတယ်။ အားကစားတစ်ခုနဲ့တစ်ခု အကူးမှာ ခန္ဓာကိုယ်ကို အနားပေးတာကို Cool Down လို့ ခေါ်နိုင်ပါတယ်။ ဒီနှစ်မျိုး ဟန်ချက်ညီညီ လုပ်ဆောင်တတ်မှ ထိရောက်တဲ့ Workout ဖြစ်လာမှာပါ။ အားကစားမလုပ်ခင် သွေးပူလေ့ကျင့်ခန်း ဆင်းတဲ့အနေနဲ့ အကြောလျှော့ထားခြင်းအားဖြင့် အားကစားလုပ်ချိန် ထိခိုက်နာကျင်မှုကို လျှော့ချနိုင်သလို Cool Down လုပ်ခြင်းအားဖြင့် ခန္ဓာကိုယ်အနားရပြီး ကြွက်သား Recovery ဖြစ်စဉ်လည်း ပိုကောင်းစေပါတယ်။

(၂) မှန်ကန်တဲ့ ပြင်းအားနဲ့ ကစားပါ

Photo: Unsplash

အားကစားမှာ ဘယ်လောက် အားစိုက်ရမလဲဆိုတဲ့ Intensity က လည်း အရေးပါပါတယ်။ အားကစား ၄-၅ မျိုး အစုံလှည့်ကစားချိန်မှာ တစ်မျိုးတည်းမှာ ခြေကုန်လက်ပန်းကျပြီး နုံးခွေသွားတယ်ဆိုရင် Intensity များပြီလို့ ပြောနိုင်ပါတယ်။ အားကစားလုပ်ရတာ သက်တောင့်သက်သာလည်း ရှိတယ်။ သီချင်းတအေးအေးနဲ့ Workout လုပ်နိုင်အောင်လည်း သက်တောင့်သက်သာ ရှိလွန်းနေတာမျိုးလည်း မဟုတ်ဘူးဆိုရင် မှန်ကန်တဲ့ အားစိုက်မှုလို့ ပြောနိုင်ပါတယ်။ အလွန်အကျွံ အားသုံးတာ အားပျော့ပျော့ပဲ သုံးတာဆိုတဲ့ ပြစ်ချက်တွေနဲ့ လွတ်အောင် ကစားဖို့ လိုပါတယ်။

(၃) Weight ကစားတဲ့ ပုံစံပြောင်းပါ

Photo: Unsplash

ပုံမှန်ကစားနေကျ ကျောနဲ့ Biceps ၊ Chest နဲ့ Tricep ဦးစားပေး Weight Training တွေကနေ တခြားပုံစံသစ်နဲ့ လှုပ်ရှားမှုတွေ လုပ်ကြည့်ပါ။ ဥပမာ လက်နှစ်ဖက်စုပြီး Diamond Pushup ထိုးတာ ၊ လက်တစ်ဖက်တည်းနဲ့ Cable ဆွဲကစားတာမျိုး ဖြစ်ပါတယ်။ Dumbbell ကစားတာ Bench Pressing လုပ်တာတွေကနေ အပြောင်းအလဲ ဖြစ်ဖို့ပါ။ အကျိုးဆက်က Chest တွေ အားကောင်းအောင် အလုပ်ပေးတာချည်းအတူတူ လှုပ်ရှားမှုအသစ်နဲ့ လုပ်တာ ဖြစ်လို့ ပိုလည်း စိတ်ဝင်စားလာသလို Workout ကစားရတာလည်း ပိုကောင်းလာပါတယ်။

(၄) SMART Goals ထားပါ

Photo: Unsplash

SMART ဆိုတာ တိကျမှု Specific ၊ အတိုင်းအတာရှိမှု Measurable ၊ လက်လှမ်းမှီမှု Attainable ၊ လက်တွေ့ကျမှု Realistic နဲ့ အချိန်တိကျမှု Timely တို့ရဲ့ အတိုကောက်ပါ။ ဒါကို ရည်မှန်းချက်ပန်းတိုင်တစ်ခုခုကို စတင်တက်လှမ်းရာမှာ စိစစ်အကဲဖြတ်ဖို့အတွက် သုံးပါတယ်။ Fitness ကစားရာမှာလည်း SMART Goal ထား ကစားဖို့ လိုပါတယ်။

ဥပမာ မာရသွန်ပြေးချင်ပြီး စစချင်း ၅ ကီလိုမီတာတောင် မပြေးနိုင်ရင် ဘယ်လိုလုပ် မိုင် ၂၀ ကျော် ၃၀ ဆယ်ကို အရောက်ပြေးနိုင်ပါ့မလဲ။ ဒီအတွက် အရင်ဆုံး တစ်ပတ်ကို ဘယ်နှစ်မိုင်နှုန်း စပြေးမယ် ၊ ဘယ်လောက်ရောက်အောင်ပြေးမယ် ၊ နောက်အပတ်တွေမှာ ပြေးမယ့် မိုင်အကွာအဝေးပိုမြှင့်မယ် ၊ ဘယ်အချိန်မှာ ဘယ်နှစ်မိုင်အထိ ပြေးနိုင်ရမယ်ဆိုပြီး သတ်မှတ်ထားတာမျိုး ဖြစ်ပါတယ်။

Body Fitness ကစားရာမှာလည်း စစချင်း အကြီးကြီး မှန်းမထားဘဲ လက်လှမ်းမှီပြီး အလုပ်ဖြစ်နိုင်တဲ့ ပန်းတိုင်လေးတွေ ချပြီး ဖြစ်အောင် ကစားသွားရင်းနဲ့ ကိုယ်လိုချင်တဲ့ ဘော်ဒီအချိုးအစားရအောင် ကြိုးစားသွားဖို့လည်း တိုက်တွန်းချင်ပါတယ်။

Featured Photo: Unsplash