ကျွန်တော်တို့အရင် မျိုးဆက်တွေခေတ်က ဆံပင်ညှပ်ဆရာအတော်များများဟာ ဆံပင်လာညှပ်သူကို ဘယ်ပုံစံညှပ်ချင်လဲ အသေးစိတ်မေးတာမျိုး မလုပ်ပါဘူး။ အတိုလို့ ပြောလိုက်တာနဲ့ အနောက်နဲ့ ဘေးကို ပါးပြီး အပေါ်ကို တိုလိုက်တာက ပုံမှန်ဆံပင်အစဉ်အလာလို ဖြစ်ခဲ့ပါတယ်။ အခုခေတ်မှာတော့ ဆံပင်ညှပ်တဲ့ Stylist တွေဟာ ပိုပြီး အမြင်ကျယ်လာသလို ဆန်းသစ်မှုတွေလည်း လုပ်ရဲလာပြီ ဖြစ်လို့ ဆံပင်ဒီဇိုင်းသစ်တွေလည်း ပေါ်ထွက်လာပါပြီ။ ဆံပင်အတိုဆိုရင်တော့ ခေတ်ပေါ် Short Haircut ဒီဇိုင်း ၅ မျိုး ၆ မျိုးလောက်ကို ရွေးပြီး ညှပ်ပေးတတ်ပါတယ်။ အခုပြောမှာကလည်း ဒီနှစ်ထဲမှာ ခေတ်စားလာနေတဲ့ ယောင်္ကျားလေးဆံပင် ကေတိုဒီဇိုင်းတွေထဲက တချို့အကြောင်း ဖြစ်ပါတယ်။

(၁) Buzzcut

Photo: CNN

အရင်က Buzzcut ဆံပင်စတိုင်ဆိုတာ အနောက်နိုင်ငံတွေမှာ ထောင်ပုံစံကေအဖြစ် ထောင်ကျလာသူတွေကို ညှပ်ပေးလေ့ရှိတဲ့ ဆံပင်ဒီဇိုင်းဆိုပြီး လူတွေက နှာခေါင်းရှုံ့ခဲ့ကြပါတယ်။ အခုခေတ်မှာတော့ Buzz Cut ဒီဇိုင်းတွေအပေါ် လူတွေရဲ့ အမြင်ပြောင်းလာခဲ့ကြပြီ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၄/၅ နှစ်လောက်ကပဲ ကမ္ဘာကျော်ပုဂ္ဂိုလ်တွေ ဖြစ်တဲ့ ဒေးဗစ်ဘက်ခ်ဟမ်း ၊ ဒရိတ်ခ် ၊ ဘရက်ပစ်ဒ် ၊ ဇေးရ် မယ်လစ်ခ်တို့လို နာမည်ကြီးတွေတောင် Buzzcut ဒီဇိုင်း ညှပ်လာကြပါတယ်။

ဆံပင်တို ဖြစ်တဲ့အတိုင်း ဆံပင်ထိန်းသိမ်းဖို့ အာရုံမနောက်ရတာကလည်း ဒီနေ့လို အလုပ်များတဲ့ခေတ်နဲ့ အံဝင်တဲ့စတိုင်လို့ ဆိုရမှာပါ။ ဆံပင်ညှပ်တဲ့ ဆံသဆရာအနေနဲ့လည်း Trimmer ကို Grade 3/4 ထားပြီး သက်တောင့်သက်သာ ညှပ်သွားရုံပဲမို့ နှစ်ဦးနှစ်ဖက်လည်း အဆင်ပြေတဲ့ ဆံပင်ပုံစံလို့ ပြောချင်ပါတယ်။

(၂) The High & Tight With Fade

Photo: hairmanz

High & Tight ကေကို စစ်တပ်တွေမှာ ပုံစံကေအဖြစ် ညှပ်လေ့ရှိပါတယ်။ နောက်ပိုင်းမှာ ခေတ်သစ်ဆံပင်ညှပ်နည်းတစ်မျိုးဖြစ်တဲ့ Fade စတိုင် ခေါင်း အနောက်နဲ့ဘေးသားတွေကို ဆံပင်အရှည်ပုံကျအောင် ညှပ်နည်းနဲ့ ရောစပ်ခဲ့တာပါ။ အပေါ်ပိုင်း ဆံပင်အရှည်က အပြောင်းအလဲရှိပါတယ်။ Stylist တစ်ယောက်ချင်းစီက ကိုယ့်အမြင်နဲ့ကိုယ် မျက်နှာပုံစံနဲ့ လိုက်အာင် ညှပ်သွားတာ များပါတယ်။

(၃) Textured Crop

Photo: Twitter

Textured Crop ဆံပင်ပုံစံဟာ နာမည်ကျော်ရုပ်ရှင်စီးရီး Peaky Blinders ကြောင့် အခုမှ တကျော့ပြန် ခေတ်စားလာတဲ့ ဆံပင်ပုံစံဖြစ်ပါတယ်။ စီလီယံ မာဖီရဲ့ ဆံပင်ပုံစံမျိုး ဖြစ်ပြီး အပြင်မှာ Peaky Blinders Haircut လို့တောင် လူကြိုက်များလာနေပါတယ်။ ဒီဆံပင်ညှပ်ချင်ရင် Peaky Blinders ထဲက ပုံသာ ဆံပင်ညှပ်ဆရာကို ပြလိုက်ရုံပါပဲ။ Undercut စတိုင်ဖြစ်လို့ ညှပ်ပြီးပြီးချင်း စိတ်ညစ်ရပါလိမ့်မယ်။ ပုံသွင်းဖို့ Pomade လေးနည်းနည်း သုံးလိုက်ရင်တော့ ကြည့်ကောင်းသွားမှာပါ။

(၄) Crew Cut

Photo: Mens Hairstyles Now

Buzz Cut လိုပါပဲ။ Crew Cut ဟာ အခြေခံအကျဆုံး ဆံပင်အတိုဒီဇိုင်းတွေထဲက တစ်ခုဖြစ်ပါတယ်။ ဆံပင်ညှပ်ဆရာကို ဒီကေညှပ်ပေးဖို့ ပြောရတာလည်း လွယ်ပါတယ်။ Crew Cut လို့ ပြောလိုက်တာနဲ့ ဘေးပါး ၊ နောက်ပါး ညှပ်ပေးပါလိမ့်မယ်။ ခေါင်းပေါက်လှတဲ့သူတွေ ပိုအဆင်ပြေပါတယ်။ မျက်နှာပုံစံ အတော်များများနဲ့ ဟန်ကျပေမယ့် မျက်နှာဝိုင်းတဲ့ ပုဂ္ဂိုလ်တွေမှာ ဘေးကို ပါးပြီး အပေါ်နား နည်းနည်းပိုထားပေးဖို့ လိုမှာပါ။