၂၀၂၂-၂၀၂၃ ဘောလုံးရာသီ ခရီးရှည်ကြီးကတော့ ချန်ပီယံလိဂ် ဗိုလ်လုပွဲကြီး အပြီးမှာပဲ အဆုံးသတ်သွားခဲ့ရပါပြီ။ ဒါပေမယ့် ဘောလုံးဝါသနာအိုး ညိုကီတို့အတွက်ကတော့ ဘောလုံးပွဲတွေ အဆုံးမသတ်သေးတာမို့ အပြုံးမပျက်စေရပါဘူး။ ဒီတစ်ပတ်ထဲမှာပဲ UEFA Nations League ရဲ့ ဆီမီးဖိုင်နယ် ပွဲကောင်းတွေ ရှိနေပါသေးတယ် ညိုကီတို့ရေ။

Photo Credit : Sporting News

တကယ်တော့ UEFA Nations League ပြိုင်ပွဲက ဘောလုံးပရိသတ်တွေ သိပ်မစိတ်ဝင်စားကြတဲ့ ပြိုင်ပွဲ တစ်ခုလို့ ဆိုနိုင်ပေမယ့် အခုက ဆီမီးဖိုင်နယ်အဆင့်ထိ ရောက်ရှိနေပြီ ဖြစ်သလို လက်ရှိ ဆီမီးရောက် အသင်း(၄)သင်းလုံးက Nations League မှာ ချန်ပီယံ မဖြစ်ထားတာကြောင့် ချန်ပီယံသစ်ပါ ထွက်ပေါ်လာနိုင်တာမို့ ဒါက စိတ်ဝင်စားဖို့ကောင်းပါတယ်။ နယ်သာလန်နိုင်ငံမှာ ကျင်းပမယ့် ၂၀၂၂-၂၀၂၃ Nations League ဆီမီးဖိုင်နယ်မှာ အိမ်ရှင် နယ်သာလန် နဲ့ ခရိုအေးရှား ၊ ပြီးခဲ့တဲ့ တစ်ကြိမ်က ဖိုင်နယ်ကို ရောက်ထားသေးတဲ့ စပိန် နဲ့ ယူရိုချန်ပီယံဟောင်း အီတလီတို့ တွေ့ဆုံနေပါတယ်။

Photo Credit : UEFA

Nations League ပြိုင်ပွဲက ကျင်းပနေတာ အခုတစ်ကြိမ်နဲ့ဆို တတိယအကြိမ်သာ ရှိနေသေးပြီး ပထမဆုံးအကြိမ်မှ ပေါ်တူဂီ နဲ့ ဒုတိယအကြိမ်မှာတော့ ပြင်သစ်တို့က ချန်ပီယံ ဖြစ်ထားခဲ့ပါတယ်။ လက်ရှိ ဆီမီးဖိုင်နယ်ရောက် အသင်း(၄)သင်းထဲမှာ နယ်သာလန် နဲ့ စပိန်တို့က ဒုတိယနေရာနဲ့ ကျေနပ်ထားခဲ့ရသလို အီတလီကတော့ ပြီးခဲ့တဲ့တစ်ကြိမ် Nations League ပြိုင်ပွဲမှာ အီတလီက တတိယ ရရှိခဲ့ပါတယ်။ အခုအချိန်မှာတော့ ကစားသမား အများစုက ဘောလုံးရာသီ ခရီးရှည်ကြီးကို ဖြတ်သန်းထားရပြီဖြစ်လို့ သက်ဆိုင်ရာ လက်ရွေးစင်အသင်းတွေနဲ့ ပူးပေါင်းနိုင်ဖွယ် မရှိတာကြောင့် ဒီအသင်း(၄)သင်းလုံး အဓိက ကစားသမား မစုံမလင်နဲ့သာ ယှဉ်ပြိုင်ရနိုင်ပါတယ်။

၂၀၂၂-၂၀၂၃ UEFA Nations Leagueပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ် ပွဲစဉ်တွေကို ဒီလရဲ့ (၁၅၊၁၆)ရက်တွေမှာ ယှဉ်ပြိုင်စေမှာဖြစ်ပြီး ဗိုလ်လုပွဲ နဲ့ တတိယနေရာလုပွဲတွေကိုတော့ (၁၈)ရက်နေ့မှာပဲ ကျင်းပသွားပါမယ်။ ချန်ပီယံသစ်က ဘယ်အသင်း ဖြစ်လာနိုင်မယ်လို့ ထင်ပါသလဲဗျာ။