အလုပ်မသွားခင် Gym ကို စောစောစီးစီး သွားဆော့ဖို့ဆိုတာ လူတော်တော်များများ ခေါင်းခါချင်တဲ့ ကိစ္စဖြစ်ပါမယ်။ ဒီနေ့ခေတ်မှာ ညဘက် သန်းခေါင် မအိပ်ဘဲ နေနိုင်ပေမယ့် မနက်စောစောထဖို့ ပိုခက်လာပါတယ်။ ဒါကလည်း လူနေထိုင်မှု ပုံစံအပြောင်းအလဲတွေ ကြောင့်လည်း ပါပါတယ်။ တကယ်တော့ မနက်ပိုင်း Gym ကစားတာ အားသာချက်တွေ ရှိပါတယ်။

မနက်ပိုင်းမှာ လူဟာ ညက အိပ်ရေးဝဝအိပ်ထားလို့ နိုးကြားပြီး ခွန်အားလည်း အပြည့်နဲ့ ဖြစ်နေပါတယ်။ အလေးမတာက အစ ချွေးထွက်အောင် Workout ကစားတာအထိ သိပ်ပြီး ပင်ပန်းတယ်လို့ ခံစားရမှာ မဟုတ်ပါဘူး။

Photo : The Manual

Gym က ပြန်လာ ရေမိုးချိုး ၊ မနက်စာစား ပြီး အလုပ်သွားချိန်မှာ တစ်နေကုန် သွက်လက် ပေါ့ပါးပြီး နေလို့ ထိုင်လို့လည်း ကောင်းနေမှာပါ။ မနက်ပိုင်း Gym ကစားဖို့ သွားတဲ့ လမ်းကအစ အေးချမ်း ဆိတ်ငြိမ်နေပြီး နှစ်လိုဖွယ် ဖြစ်နေပါတယ်။ ယာဉ်ကြောကလည်း ရှင်းနေပြီး လမ်းပေါ်မှာ လူတွေလည်း ဖြိုးတိုးဖြောက်တောက်ပဲ ရှိနေပါလိမ့်မယ်။ လူဟာ စိတ်ရော ကိုယ်ပါ အနားယူထားသလို ကြည်လင်နေပြီး ခွန်အားကလည်း Charging အပြည့်နဲ့ ဖြစ်နေမှာပါ။

အလုပ်ဆင်းချိန်မှာ Gym သွားကြည့်ပါ။ ကြိတ်ကြိတ်တိုး စည်ကားနေမှာ တွေ့ပါလိမ့်မယ်။ အလေးပြားတွေ ပြေးစက်တွေလည်း နေရာတိုင်းမှာ လူတိုင်းစေ့ သုံးနေပါလိမ့်မယ်။ Chest လေး တွန်းဖို့ ချွေးတိတ်အောင် စောင့်နေရမှာပါ။ မနက်ပိုင်းမှာတော့ Gym ပစ္စည်းတွေက နေရာတကျ သပ်သပ်ရပ်ရပ်နဲ့ ရှိနေသလို ဘယ်သူ့ကိုမှစောင့်နေစရာ မလိုပါဘူး။

Photo : Real Men Real Style

မနက်ပိုင်း ကစားထားလို့ နောက်ထပ် Workout လုပ်စရာ မရှိတော့တာကြောင့် ညနေဘက်မှာ ကိုယ်ပိုင် စိတ်ကြိုက်အချိန်ပိုရလာပါလိမ့်မယ်။ ဝါသနာပါတာလေးတွေ လုပ်တာ ဖြစ်ဖြစ် သူငယ်ချင်းနဲ့ တွေ့ဖို့ပဲ ဖြစ်ဖြစ် အေးဆေးဖြစ်သွားပါလိမ့်မယ်။ ဒီတော့ ညနေ ရုံးဆင်းချိန်ဟာ ကိုယ့်အတွက် Happy Hour တွေ ဖြစ်နေမှာပါ။

Featured Photo : NationalWorld