လာမယ့် နိုဝင်ဘာလ (၄)ရက်နေ့ ဆော်ဒီအာရေဗျနိုင်ငံမှာ ကျင်းပပြုလုပ်သွားမယ့် WWE Crown Jewel နပန်းပြိုင်ပွဲကြီးမှာ ဆော်ဒီလိဂ် အယ်လ် နာဆာအသင်းရဲ့ ကမ္ဘာကျော် ဘောလုံးသမား ခရစ္စတီယာ ရော်နယ်လ်ဒိုကို ပါဝင်နိုင်စေဖို့ WWE နပန်းဖျော်ဖြေရေး ကုမ္မဏီကြီးဘက်ကနေ အထူး ကြိုးပမ်းလျက် ရှိနေတယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။

Photo Credit : Sportsmanor

ကမ္ဘာကျော် နပန်းဖျော်ဖြေရေးကြီးဖြစ်တဲ့ WWE ဟာ သူတိုရဲ့ Pay-Per-View လိုခေါ်တဲ့ နပန်းပွဲကြီးတွေကို ကမ္ဘာ့ နေရာအနှံအပြားမှာ တင်ဆက်ရင်း လွန်ခဲ့တဲ့ ၂၀၁၈ခုနှစ်မှာပဲ ဆော်ဒီတွေနဲ့ လက်တွဲဖြစ်ခဲ့ပြီး WWE Crown Jewel လို အမည်ရတဲ့ နပန်းပွဲကြီးတွေကို နှစ်တိုင်း ကျင်းပသွားဖို သဘောတူညီမှု ရယူနိုင်ခဲ့ပါတယ်။ အခုနှစ် ၂၀၂၃မှာလည်းWWE Crown Jewel ပွဲကြီးကို (၅)ကြိမ်မြောက်အဖြစ် ဆော်ဒီမှာ ကျင်းပစဥ် ဆော်ဒီလိဂ်ရဲ့ ထိပ်တန်း ဘောလုံးသမားကြီး ရော်နယ်လ်ဒိုကိုပါ အထူး ဧည့်သည်တော်နေရာကနေ ပါဝင်ပေးနိုင်သွားဖို WWE တာဝန်ရှိသူတွေက ကြိုးပမ်းနေပါတယ်။

Photot Credit : Clutch Points

ယခင်တုန်းက ရော်နယ်လ်ဒိုရဲ့ အသင်းဖော်ဟောင်း ဖြစ်ခဲ့ဖူးသူ ဝိန်းရွန်နီဟာလည်း မန်ချက်စတာမြိုမှာ ကျင်းပခဲ့တဲ့ WWE Monday Night Raw ပွဲကို တက်ရောက်ခဲ့ရင်းနဲ့ မန်ချက်စတာသား နပန်းသမား ဝိတ် ဘဲရတ်ကို ပါးရိုက်ခဲ့ပါသေးတယ်။ ဒါ့အပြင် ဘောလုံးကစားသမားတွေဖြစ်တဲ့ နောဝစ်ချ် တိုက်စစ်မှူးဟောင်း ဂရန့်ဟော့တ် ၊ ဂျာမနီ ဂိုးသမားဟောင်း တင်မ် ဝီဆီ နဲ့ ဝိုင်ကမ်ဘီ တိုက်စစ်မှူးဟောင်း အာကင်ဖန်ဝါတို့ဆိုရင်လည်း ကြိုးဝိုင်းအတွင်းမှာပါ နပန်းပွဲတွေကို ဝင်ရောက် ဆင်နွှဲခဲ့ဖူးပါသေးတယ်။

Photo Credit : Twitter X

အခုလည်း ရော်နယ်လ်ဒိုဘက်က WWE ရဲ့ ကမ်းလှမ်းမှုကိုသာ လက်ခံခဲ့မယ်ဆိုရင် ငွေကြေးပမာဏများစွာ ရရှိသွားဦးမှာ ဖြစ်သလို နောက်ဆက်တွဲ ထွက်ပေါ်နေတဲ့ သတင်းတွေအရ ရော်နယ်လ်ဒိုအနေနဲ့ WWE ရဲ့ ကမ္ဘာကျော် နပန်း ဖျော်ဖြေရေးသမား ဂျွန်စီနာနဲ့ပါ တွဲဖက်ပြီး ပရိသတ်အကြိုက် ဖျော်ဖြေမှုကိုပါ လုပ်ဆောင်သွားရနိုင်ဖွယ် ရှိနေတယ်လို့ သိရှိရပါတယ်။

Featured Photo : Sports Tiger