တရုတ်ဖုန်းကုမ္ပဏီ Xiaomi ဟာ ဂျာမန်ကင်မရာနည်းပညာ Leica နဲ့ ပေါင်းပြီး ကင်မရာစွမ်းဆောင်ရည်မြင့် Flagship ဖုန်း ထုတ်သွားမယ်လို့ ဆိုပါတယ်။ ဇူလိုင်လထဲမှာ မိတ်ဆက်သွားမှာ ဖြစ်ပြီး Xiaomi 12 Ultra ဖြစ်မယ်လို့ အများက ထင်ကြေးပေးနေကြပါတယ်။ Xiaomi အနေနဲ့ Leica နဲ့ အခုလို ပူးပေါင်းမှုလုပ်လာတာဟာ ကုမ္ပဏီအနေနဲ့ Flagship ဈေးကွက်မှာ ချဉ်းကပ်မှုပုံစံသစ် ပြောင်းလာတယ်လို့ ဆိုရမှာပါ။

Photo: Engadget

Leica ဟာ အရင်က Huawei နဲ့ မိတ်ဖက်ပြု ပူးပေါင်းခဲ့ရာကနေ Leica အမှတ်တံဆိပ်ပါ Huawei P Series ဖုန်းတွေ ထွက်လာခဲ့ပြီး Huawei P20/30 စတဲ့ မော်ဒယ်တွေကို ဓါတ်ပုံစွမ်းရည်မြင့် ထုတ်ကုန်တွေအဖြစ် ဈေးကွက်က လက်ခံလာကြပါတယ်။ Huawei ကို အမေရိကန်အစိုးရက ကုန်သွယ်ရေးပိတ်ပင်မှု လုပ်ခဲ့တဲ့နောက် Leica ဟာ Huawei နဲ့ ပူးပေါင်းမှုကို ရပ်ဆိုင်သွားခဲ့တာလည်း ဖြစ်ပါတယ်။

Xiaomi-Leica နည်းပညာ ပူးပေါင်းမှုကနေ မိုဘိုင်းဓါတ်ပုံနည်းပညာအရ တူညီတဲ့ အိုင်ဒီယာတွေ မျှဝေဖြစ်ခဲ့ကြပြီး မိုဘိုင်းဓါတ်ပုံကဏ္ဍကို နောက်တစ်ဆင့် ထပ်တက်ဖို့ နှစ်ဖက် စိတ်အားထက်သန်ခဲ့ကြတယ်လို့ Xiaomi CEO လေဂျန်က ပြောပါတယ်။ Leica Camera AG CEO မတ်သီးယပ်စ် ဟာ့ချ်ကလည်း Xiaomi နဲ့ အခုလို ရေရှည် ဗျူဟာမြောက်ပူးပေါင်းမှုပေါ် ဂုဏ်ယူကြောင်းနဲ့ ထူးခြားနက်နဲတဲ့ ပူးပေါင်းမှုတွေ လုပ်ဖို့ ဆွေးနွေးခဲ့ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

Photo : Internet Explorer Channel Network

Leica နည်းပညာသုံး Xiaomi ဖုန်းကို ဇူလိုင်လထဲမှာ မိတ်ဆက်သွားမှာ ဖြစ်ပြီး ဖုန်းနာမည်နဲ့ အသေးစိတ်အချက်အလက်တွေ ပြောကြားခဲ့ခြင်းတော့ မရှိပါဘူး။

Featured Photo : GSMArena