လက်ဝှေ့ ကစားနည်းဟာ ကြံ့ခိုင်ရေး အားကစားနည်းတွေထဲမှာ လူကြိုက်များ ရေပန်းစားပြီး အထူးသဖြင့် ယောကျာ်းလေးတွေ ခုံမင်နှစ်သက်တဲ့ အားကစားနည်းတစ်ခု ဖြစ်ပါတယ်။ ခန္ဓာကိုယ် တစ်ခုလုံးက ကြွက်သားတွေကို ထိရောက်မှုရှိစေတဲ့ Full-Body Workout တစ်ခုဖြစ်တဲ့အပြင် ကြွက်သားနဲ့ အရိုးအဆစ်တွေကို ကြံ့ခိုင်သန်မာစေတဲ့ အကောင်းဆုံး အားကစားနည်း ဖြစ်ပါတယ်။ တကယ်တော့ လက်ဝှေ့ကစားတယ်ဆိုတာ ခန္ဓာကိုယ် ကြံ့ခိုင်သန်မာရေးအတွက် ကောင်းကျိုးပြုတာတင်မဟုတ်ပဲ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက်ပါ အကျိုးများပါတယ်။ လက်ဝှေ့ ကစားခြင်းက စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက် ဘယ်လိုကောင်းကျိုးရှိစေလဲ ဆိုတာ လေ့လာကြည့်ရအောင်ပါ။
(၁) စိတ်ခံစားမှု ကောင်းစေတယ်
Photo : iStock
ကိုယ်လက်လှုပ်ရှားမှုတိုင်းဟာ စိတ်ပိုင်းဆိုင်ရာ ခံစားချက်တွေအပေါ် ကောင်းမွန်တဲ့ အကျိုးသက်ရောက်မှု ရှိစေပါတယ်။ လက်ဝှေ့ ကစားနည်းဟာ လျင်မြန်ဖျက်လက်မှုကို အခြေခံပြီး ခန္ဓာကိုယ်ကို လှုပ်လှုပ်ရှားရှား ကစားပေးရတဲ့ အားကစားနည်းတစ်ခု ဖြစ်ပါတယ်။ လေ့လာမှုတွေအရ တစ်ရက်ကို ၄၅ မိနစ်ခန့် လောက် လက်ဝှေ့ကစားခြင်းဟာ စိတ်ပိုင်းဆိုင်ရာ ခံစားချက်တွေကို ထိန်းညှိပေးပြီး စိတ်ခံစားမှု ကောင်းစေတဲ့ Endorphin ဟော်မုန်းတွေ ပိုမိုထုတ်လွှတ်ပေးတာကြောင့် စိတ်ကြည်လင် ပျော်ရွှင်မှုကို ခံစားရစေမှာ ဖြစ်ပါတယ်။
(၂) စိတ်ဖိစီးမှုတွေ တိုက်ထုတ်ပေးတယ်
Photo : iStock
လက်ဝှေ့ ကစားနည်းဟာ စိတ်ဖိစီးမှုတွေကို အထိရောက်ဆုံး တိုက်ထုတ်ပေးတဲ့ အားကစားနည်းတစ်ခုအဖြစ် နာမည်ကြီးပါတယ်။ သဲအိတ်နဲ့ Punching Bag တွေပေါ် ထိုးလိုက်တဲ့ လက်သီးချက်တိုင်းမှာ စိတ်ဖီစီးမှုနဲ့ စိတ်ရဲ့တင်းကျပ်မှုတွေ အားလုံးပြေလျော့သွားသလို ခံစားရစေမှာ ဖြစ်ပါတယ်။ လက်ဝှေ့ကစားနည်းဟာ စိတ်ဖိစီးမှုနဲ့ ဖိအားတွေကို လျော့ကျသက်သာစေပြီး စိတ်ကိုတည်ငြိမ်စေမယ့် အကောင်းဆုံး လေ့ကျင့်ခန်းတစ်ခု ဖြစ်ပါတယ်။
(၃) ယုံကြည်မှု တိုးစေတယ်
Photo : iStock
လက်ဝှေ့ ကစားခြင်းဟာ ခန္ဓာကိုယ် ကြံ့ခိုင်မှုနဲ့အတူ မိမိကိုယ်ကိုယ် တန်ဖိုးထားခြင်း ၊ အကောင်းမြင်စိတ်နဲ့ စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုတွေကိုပါ တိုးတက်စေတယ်လို့ သုတေသီတွေက ဆိုထားပါတယ်။ လက်ဝှေ့ ပုံမှန်ကစားမယ်ဆိုရင် ကိုယ်ရောစိတ်ပါ ကြံ့ခိုင်သန်မာလာပြီး အကောင်းမြင်စိတ် ၊ စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်သန်မာမှု၊ ခံနိုင်ရည်ရှိမှုတွေနဲ့အတူ မိမိကိုယ်ကိုယ် ယုံကြည်မှု ကိုးစားနိုင်စွမ်းတွေပါ တိုးတက်လာစေမှာ ဖြစ်ပါတယ်။
(၄) အာရုံစူးစိုက်မှု ကောင်းစေတယ်
Photo : iStock
လက်ဝှေ့ကစားနည်းဟာ မိမိရဲ့ လက်သီးထိုးချက်တွေနဲ့ ခန္ဓာကိုယ်ရွေ့လျားမှုအပေါ် အပြည့်အဝ အာရုံစိုက်ပြီး ကစားရတဲ့ ကစားနည်း ဖြစ်ပါတယ်။ ထိုးချက်ဖြောင့်ပြီး အားပါဖို့ ၊ ခြေထောက်အရွေ့ အဖိအဖေါ့ လှုပ်ရှားမှုတွေနဲ့အတူ ခန္ဓာကိုယ်ကို လျင်လျင်မြန်မြန် သွတ်သွတ်လက် လက် ရွေ့လျားပြီး ကစားရတဲ့အတွက် လှုပ်ရှားမှုတိုင်းကို ကောင်းကောင်း အာရုံစိုက်ထားရမှာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း လက်ဝှေ့ကစားခြင်းဟာ အာရုံစူးစိုက်မှုကို ပိုကောင်းစေပြီး မှတ်ဉာဏ် ရှင်းလင်းပြတ်သားမှုကို ပိုမိုကောင်းမွန်စေဖို့ အထောက်အပံ့ ဖြစ်စေပါတယ်။
Featured Photo : Freepik