အလုပ်ခွင်မှာအောင်မြင်ပျော်ရွှင်ချင်ရင် လုပ်ဖော်ကိုင်ဖက်တွေနဲ့ အဆင်ပြေအောင်နေထိုင်တက်ဖို့ကလည်း အရေးကြီးဆုံးအချက်တွေထဲကတစ်ခုဖြစ်ပါတယ်။ ကိုယ်ကအခုမှ အလုပ်ခွင်အသစ်တစ်ခုကိုစဝင်မယ့်သူ ဒါမှမဟုတ် လက်ရှိအလုပ်ခွင်ထဲမှာ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဆက်ဆံရေးသိပ်မပြေလည်သူတစ်ယောက်ဆိုရင်တော့ အခုပြောပြမယ့်နည်းလမ်းလေးတွေသုံးပြီး လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဆက်ဆံရေးပြေလည်အောင်တည်ဆောက်လို့ရနိုင်ပါတယ်။

(၁) ကိုယ်ရေးကိုယ်တာကိစ္စတွေရှောင်ပါ

Source : Freepik

ကိုယ်ရေးကိုယ်တာကိစ္စတွေကို ရုံးအထိသယ်လာခြင်းက လုပ်ဖော်ကိုင်ဖက်တွေအမြင်စောင်းစေမယ့် ကိစ္စတစ်ခုဖြစ်ပါတယ်။ အိမ်မှာဖြစ်ဖြစ် တခြားသောကိုယ်ရေးကိုယ်တာကိစ္စတွေကြောင့်ပဲဖြစ်ဖြစ် တစ်ခုခုကြောင့် စိတ်ညစ်နေတယ်ဆိုရင်တောင် အလုပ်ထဲမှာ စိတ်ပျက်ငြူစူနေတဲ့ ပုံစံမျိုးတွေမလုပ်ပါနဲ့။ ဒါဟာလုပ်ဖော်ကိုင်ဖက်တွေနဲ့ကိုယ်ကြားမှာ ဆက်ဆံရေးကိုထိခိုက်စေတဲ့အကြောင်းအရင်းတစ်ရပ်ဖြစ်စေနိုင်ပါတယ်။

(၂) ပြုံးပြပါ

Source : istock

ပြုံးပြတယ်ဆိုတာ အပြုသဘောဆောင်တဲ့ လုပ်ရပ်တစ်ခုဖြစ်သလို နှစ်လိုဖွယ်ကောင်းတဲ့ အမူအရာကိုပြသရာရောက်စေပါတယ်။ ဒါကြောင့် မနက်ခင်းရုံးရောက်တာနဲ့ ကိုယ်ရဲ့လုပ်ဖော်ကိုင်ဖက်တွေကိုပြုံးပြ နှုတ်ဆက်ပါ။ သင့်ရဲ့ စစ်မှန်တဲ့အပြုံးတစ်ပွင့်က သင့်ကိုလူချစ်လူခင်များစေပြီး အလုပ်ထဲကလုပ်ဖော်ကိုင်ဖက်တွေနဲ့ ခင်မင်ရင်းနှီးမှုကိုတိုးပွားစေမှာဖြစ်ပါတယ်။

(၃) ပရော်ဖက်ရှင်နယ်ဆန်ပါ

Source ; Shutterstock

အလုပ်မှာပရော်ဖက်ရှင်နယ်ဆန်သူတွေဟာ လုပ်ဖော်ကိုင်ဖက်တွေရဲ့ လေးစားအားကျမှုကိုရရှိစေပြီး သူတို့နဲ့ကိုယ့်ကြားကဆက်ဆံရေးကိုတိုးတက်ကောင်းမွန်စေနိုင်ပါတယ်။ အလုပ်ကိုလေးစားပါ။ အလုပ်မှာထုတ်ပြန်ထားတဲ့စည်းကမ်းတွေကိုလိုက်နာတက်သူဖြစ်ပါစေ။ အလုပ်နဲ့ပတ်သတ်ပြီး ကိုယ့်ရဲ့လုပ်ဖော်ကိုင်ဖက်တွေအကူညီလိုတဲ့အခါပြောပြပါ။ ကူညီပေးပါ။ ဒါဟာ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အဆင်ပြေစေမယ့် လမ်းစတစ်ခုလည်းဖြစ်ပါတယ်။

(၄) အခြေခံယဉ်ကျေးမှုတွေနားလည်ပါ

Source : Depositphotos

အလုပ်ခွင်ထဲကိုရောက်ပြီဆိုတာနဲ့ လူအမျိုးမျိုးစိတ်အထွေထွေပေါင်းသင်းဆက်ဆံရတော့မှာဖြစ်ပါတယ်။ လူတိုင်းနဲ့ အဆင်ပြေချင်တယ်ဆိုရင်တော့ အခြေခံကျတဲ့ လူမှုပေါင်းသင်းဆက်ဆံရေး အခြေခံအကြောင်းတရားလေးတွေကိုသိထားဖို့လိုပါမယ်။ တစ်ဖက်လူအခြေအနေကိုမသိပဲ စကားတွေအတင်းသွားပြောတာ တခြားသူရဲ့ အလုပ်ကွန်ပြူတာကို ခွင့်မတောင်းပဲယူသုံးတာ ငွေကြေးအရှုပ်အရှင်းပြုလုပ်တာစတဲ့ အခြေခံကျတဲ့အချက်တွေကို ရှောင်ကျဉ်ဖို့ လိုအပ်ပါတယ်။ဒါမှလည်း လုပ်ဖော်ကိုင်ဖက်တွေနဲ့ အဆင်ပြေတဲ့ဆက်ဆံရေးကိုတည်ဆောက်နိုင်မှာပါ။