တစ်နေ့တာလုံး ဘယ်လောက်အထိ အောင်မြင်မလဲဆိုတာကို သင့်ရဲ့ မနက်ခင်း စတင်ပုံက အဓိက အဆုံးအဖြတ် ပေးပါတယ်။

ပြတင်းပေါက်ကနေ နေရောင်ခြည်လေး ဖြာကျနေပြီး တစ်နေ့တာအတွက် စိတ်အားထက်သန်မှုအပြည့်နဲ့ အိပ်ရာက နိုးထရတဲ့ ခံစားချက်ဟာ ဘယ်လောက်တောင် ကောင်းလိုက်သလဲ။

နေ့တိုင်း ရာသီဥတု သာယာနေဖို့ မမျှော်လင့်နိုင်ပေမယ့် ကိုယ့်ရဲ့ မနက်ခင်းကို ဘယ်လိုပုံဖော်မလဲဆိုတာကတော့ ကိုယ့်လက်ထဲမှာပဲ အပြည့်အဝ ရှိနေပါတယ်။

အောင်မြင်မှုဆီကို နေ့စဉ် တွန်းပို့ပေးနိုင်မယ့် မနက်ခင်း အလေ့အကျင့်ကောင်း ၇ ခုကို စာရေးဆရာမ Amy Landino က အခုလို မျှဝေထားပါတယ်။

၁။ နှိုးစက်ကို Snooze မနှိပ်ပါနဲ့ (Skip the Snooze)

နှိုးစက်မြည်တဲ့အခါ ခဏထပ်အိပ်ဖို့ Snooze နှိပ်တာဟာ အိပ်စက်မှုစက်ဝန်းကို ပျက်စီးစေပြီး ပိုမိုနုံးချိစေသလို အိပ်ရာထနောက်ကျပြီး ကပျာကယာ ဖြစ်စေပါတယ်။ ဒါကြောင့် ကိုယ်တကယ်ထနိုင်မယ့် အချိန်ကိုပဲ နှိုးစက်ပေးထားပြီး ပထမဆုံးအကြိမ် မြည်တာနဲ့ တန်းထတဲ့ အကျင့်ကို ဖြည်းဖြည်းချင်း လေ့ကျင့်သင့်ပါတယ်။

၂။ မနက်ခင်း စာမျက်နှာတွေ ချရေးပါ (Morning Pages)

မနက်အိပ်ရာနိုးနိုးချင်း ခေါင်းထဲမှာ ရှိနေတဲ့ စိုးရိမ်ပူပန်မှုတွေ၊ အိပ်မက်ဆိုးတွေနဲ့ စိတ်ဖိစီးမှုတွေကို စာအုပ်ထဲ ချရေးပစ်လိုက်တာ ဖြစ်ပါတယ်။ အဲဒီလို ဦးနှောက်ထဲက အတွေးတွေကို ရှင်းထုတ်လိုက်တဲ့အခါ စိတ်ပေါ့ပါးသွားပြီး အတွေးအမြင်အသစ်တွေအတွက် နေရာလွတ် ရရှိစေပါတယ်။

၃။ တစ်နေ့တာ အစီအစဉ်ကို ကြိုဆွဲပါ (Plan Your Day)

လုပ်စရာစာရင်း (To-do list) ရေးတာပဲဖြစ်ဖြစ်၊ Google Calendar မှာ အချိန်ဇယား ဆွဲတာပဲဖြစ်ဖြစ် ကိုယ်နဲ့ အဆင်ပြေမယ့် နည်းလမ်းကို သုံးပြီး တစ်နေ့တာလုံးကို ခြုံငုံမြင်နိုင်အောင် ပြင်ဆင်ထားပါ။ ကြိုတင်ပြင်ဆင်ထားတဲ့အတွက် မမျှော်လင့်ထားတဲ့ ကိစ္စတွေကြောင့် စိတ်ရှုပ်ရတာ နည်းသွားပြီး ရည်ရွယ်ချက်ရှိရှိ ဖြတ်သန်းနိုင်ပါတယ်။

၄။ အကြောလျှော့ လေ့ကျင့်ခန်းလုပ်ပါ (Stretch)

စိတ်ကို နိုးကြားစေသလို ခန္ဓာကိုယ်ကိုလည်း နိုးကြားစေဖို့ အရေးကြီးပါတယ်။ ၇ နာရီကနေ ၈ နာရီလောက် ငြိမ်သက်နေခဲ့တဲ့ ကြွက်သားတွေ ပြေလျော့ပြီး သွေးပူလာစေဖို့ ရိုးရှင်းတဲ့ အကြောလျှော့တာမျိုး ဒါမှမဟုတ် ယောဂကျင့်တာမျိုးကို မနက်တိုင်း လုပ်ပေးသင့်ပါတယ်။

၅။ အသားအရေကို ဂရုစိုက်ပါ (Skin Care)

တစ်နေ့တာလုံး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိပြီး လန်းဆန်းနေစေဖို့ မနက်ခင်းမှာ မိနစ်အနည်းငယ် အချိန်ပေးပါ။ တစ်ညလုံး အိပ်စက်ထားတဲ့ မျက်နှာကို မျက်နှာသစ်ဆေး (Cleanser) နဲ့ သေချာသန့်စင်ပြီး အစိုဓာတ်ထိန်းခရင်မ် (Moisturizer) လိမ်းပေးခြင်းဖြင့် အသားအရေကို ထိန်းသိမ်းနိုင်ပါတယ်။

၆။ ကိုယ်ဝါသနာပါရာကို လေ့လာပါ (Research Your Passions)

မနက်တိုင်း အိပ်ရာကနေ တက်တက်ကြွကြွ ထချင်စိတ်ဖြစ်အောင် လှုံ့ဆော်ပေးနိုင်တဲ့ ကိုယ့်ရဲ့ ဝါသနာကို ရှာဖွေပါ။ ဝါသနာကို သိပြီးသားဆိုရင်လည်း အဲဒီနယ်ပယ်မှာ ဘာတွေထပ်လေ့လာနိုင်မလဲ၊ ဘယ်လိုအခွင့်အလမ်းတွေ ရှိမလဲဆိုတာကို နေ့စဉ် အချိန်ပေးပြီး နက်နက်နဲနဲ လေ့လာသင့်ပါတယ်။

၇။ ရည်မှန်းချက်တွေကို ပြန်လည်သုံးသပ်ပါ (Goal Review)

ကိုယ့်ရဲ့ ရည်မှန်းချက်တွေက ဘာတွေလဲ၊ ဘာကြောင့် အရေးကြီးတာလဲနဲ့ ဘယ်လိုအောင်မြင်အောင် လုပ်မလဲဆိုတာကို နေ့တိုင်း ချရေးပြီး ပြန်လည်သုံးသပ်ပါ။ အဲဒီလို နေ့စဉ် သတိတရ ပြန်ကြည့်နေခြင်းက ကိုယ့်ရဲ့ ပန်းတိုင်ကို မပျောက်သွားစေဘဲ တိုးတက်မှုရဖို့ အခွင့်အလမ်းတွေကို အမြဲရှာဖွေနေမိစေပါတယ်။

Ref: amylandino