လာမယ့် ၂၀၂၅ခုနှစ် ဇွန်လ (၁၅)ရက်နေ့ကနေ ဇူလိုင်လ (၁၃)ရက်နေ့အထိ အမေရိကန်နိုင်ငံမှာ ပုံစံသစ်နဲ့ ကျင်းပသွားမယ့် ဖီဖာ ကလပ်ကမ္ဘာ့ဖလား ပြိုင်ပွဲကြီးအတွက် ဝင်ရောက် ယှဉ်ပြိုင်သွားမယ့် ကလပ်အသင်း အရေအတွက် (၃၂)သင်းမှာ အသင်းပေါင်း (၃၀)အထိ သိရှိထားရပြီဖြစ်ပြီး လက်ကျန် (၂)သင်းက ဘယ်အသင်းတွေ ဖြစ်မလဲဆိုတာ စိတ်ဝင်စားစရာကောင်းနေရပါတယ်။

Photo Credit: Major League Soccer

ယခင်တုန်းကတော့ ကလပ်ကမ္ဘာ့ဖလား ပြိုင်ပွဲ CWC ပြိုင်ပွဲဆိုတာဟာ တိုက်ကြီးတွေက ချန်ပီယံလိဂ် ချန်ပီယံ ကလပ်အသင်းတွေနဲ့ ပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ နိုင်ငံက ကလပ်အသင်းတို့ ဝင်ရောက် ယှဉ်ပြိုင်ကြတဲ့ ရက်တို ပြိုင်ပွဲတစ်ခုဖြစ်ပြီး ဥရောပ ကလပ်အသင်းတွေကသာ လွှမ်းမိုးမှုများတဲ့ ပြိုင်ပွဲလည်း ဖြစ်နေပါတယ်။ အခုတော့ ပြိုင်ပွဲဝင် အသင်းအရေအတွက်ကိုပါ (၃၂)သင်းအထိ သတ်မှတ်လိုက်ပြီး ချန်ပီယံလိဂ် ချန်ပီယံဟောင်းတွေအပြင် သက်ဆိုင်ရာ တိုက်ကြီးတွေမှာ အဆင့်သတ်မှတ်ချက် မြင့်မားတဲ့ အသင်းတွေပါ ပါဝင်လာခဲ့ပါတယ်။

Photo Credit: FIFA

လက်ရှိ အခြေအနေအထိကတော့ ပြိုင်ပွဲဝင် အသင်းပေါင်း (၃၀)အထိ ပေါ်ထွက်ထားခဲ့ပြီဖြစ်ပြီး ကျန်တဲ့ (၂)နေရာကတော့ ၂၀၂၄ ကိုပါလီဘာတေးဒိုးစ် ချန်ပီယံ တနည်းအားဖြင့်ဆိုရင် တောင်အမေရိက ချန်ပီယံလိဂ် ချန်ပီယံနဲ့ အိမ်ရှင် အမေရိကန်နိုင်ငံက ကလပ်အသင်းတို့ပဲ ဖြစ်ပါတယ်။ လက်ရှိအချိန်အထိ မေဂျာလိဂ်က ဘယ်အသင်းက ဒီပြိုင်ပွဲကြီးအတွက် ဖိတ်ခေါ်ခွင့် ရမလဲဆိုတာ မသိရသေးပေမယ့် ပြိုင်ပွဲအပေါ် ဘောလုံးပရိသတ်ရဲ့ စိတ်ဝင်စားမှုကို မြင့်တင်နိုင်ဖို့အတွက် မက်ဆီ ဆွာရက်ဇ်တို့ ပါဝင်နေတဲ့ အင်တာ မိုင်ယာမီအသင်းကို ဖိတ်ကြားလာနိုင်ပါတယ်။

Photo Credit: de10

တကယ်လို့သာ အင်တာ မိုင်ယာမီအနေနဲ့ ဒီပြိုင်ပွဲကြီးမှာ ပါဝင်ဖို့ ဖိတ်ကြားခံရမယ်ဆိုရင် မိုင်ယာမီရဲ့ အဓိက ကစားသမား မက်ဆီက သူ့ကစားသမားဘဝ (၄)ကြိမ်မြောက် ကလပ်ကမ္ဘာ့ဖလား ပြိုင်ပွဲကို ဆင်နွဲရမှာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် မက်ဆီဟာ ဘာစီလိုနာအသင်းမှာ ကစားခဲ့စဉ်တုန်းကလည်း ကလပ်ကမ္ဘာ့ဖလားကို (၃)ကြိမ်အထိ ရယူနိုင်ခဲ့ပါသေးတယ်။ ဒါကြောင့် လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားမှာ အာဂျင်တီးနားနဲ့အတူ ပါဝင် ဆင်နွဲဖြစ်မလားဆိုတာ မသေချာသေးတဲ့ မက်ဆီတစ်ယောက် အင်တာ မိုင်ယာမီအသင်းနဲ့အတူ ၂၀၂၅ ကလပ်ကမ္ဘာ့ဖလားမှာရော အိမ်ရှင်အသင်းအနေနဲ့ ပြိုင်ပွဲကို ဆင်နွဲခွင့် ရနိုင်မလားဆိုတာ စောင့်ကြည့်သွားရပါတော့မယ်။

Featured Photo: El Futbolero US