ပေါ်တူဂီဘောလုံးစတား ခရစ်စတီယာနို ရိုနယ်ဒိုဟာ ၂၃ နှစ်ကြာ နိုင်ငံတကာကစားသမားဘဝကို အဆုံးသတ်လိုက်ပြီး ပေါ်တူဂီလက်ရွေးစင်အသင်းအတွက် နောက်ထပ်ကစားတော့မှာ မဟုတ်ဘူးလို့ ကြေညာလိုက်ပါတယ်။

အသက် ၄၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ရိုနယ်ဒိုဟာ ဆိုရှယ်မီဒီယာပေါ်မှာ ဗီဒီယိုမက်ဆေ့ဂျ်တစ်ခု ထုတ်လွှင့်ပြီး ပေါ်တူဂီပြည်သူတွေနဲ့အတူ နံပါတ် ၇ ကျောနံပါတ်ကို ပြန်လည်ပေးအပ်မယ့်အချိန် ရောက်လာပြီဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ရိုနယ်ဒိုရဲ့ နိုင်ငံတကာကစားသမားဘဝ အဆုံးသတ်ရတာဟာ   နည်းပြ ဟော်ဟေး ဂျီးဆပ်နဲ့ သဘောထားကွဲလွဲမှုတွေ ရှိခဲ့ပြီးနောက်မှာ ဖြစ်လာခဲ့တာပါ။

ပြီးခဲ့တဲ့ စက်တင်ဘာလ ဝေလအသင်းနဲ့ပွဲစဉ်မှာ အရန်ခုံမှာသာ အသုံးပြုခံခဲ့ရပြီးနောက် အသင်းရဲ့ လေ့ကျင့်ရေးစခန်းကနေ ထွက်ခွာသွားခဲ့တာဖြစ်ကာ ပေါ်တူဂီဘောလုံးအဖွဲ့ချုပ်ကတော့ သူ့ရဲ့ ဝန်ဆောင်မှုတွေအတွက် ကျေးဇူးတင်ဂုဏ်ပြုကြောင်းနဲ့ ဂုဏ်ပြုပွဲတစ်ခု ကျင်းပပေးဖို့ စီစဉ်နေတယ်လို့ ဆိုပါတယ်။

သူ့ရဲ့ လက်ရွေးစင်ကစားသမားဘဝအတွင်း ကမ္ဘာ့ဖလားပြိုင်ပွဲ (၆) ကြိမ် ပါဝင်ကစားခဲ့ပြီး ယူရိုချန်ပီယံဆုနဲ့ နေရှင်လိဂ်ဆုတွေကို ရယူနိုင်ခဲ့ကာ ပေါ်တူဂီအသင်းကို ကမ္ဘာ့အဆင့်မီ ပြိုင်ဖက်တစ်သင်း ဖြစ်လာအောင် စွမ်းဆောင်ပေးခဲ့သူ ဖြစ်ပါတယ်။

နိုင်ငံတကာပွဲစဉ်ပေါင်း ၂၃၄ ပွဲ ကစားခဲ့ပြီး ဂိုးပေါင်း ၁၄၆ ဂိုးအထိ သွင်းယူပေးခဲ့ကာ အမျိုးသားဘောလုံးလောကရဲ့ အများဆုံးပွဲထွက်ကစားသူနဲ့ အများဆုံးဂိုးသွင်းရှင် မှတ်တမ်းတွေကိုလည်း ပိုင်ဆိုင်ထားပါတယ်။

နိုင်ငံအသင်းအတွက် ကစားတာတွေ ရပ်နားလိုက်ပေမယ့် ရိုနယ်ဒိုဟာ ဆော်ဒီအာရေဗျက အယ်လ်နာဆာ ကလပ်အသင်းမှာတော့ ဆက်လက်ကစားသွားဦးမှာဖြစ်ပြီး ကစားသမားဘဝ သွင်းဂိုး ၁၀၀၀ ပြည့်မြောက်ဖို့အတွက် ဆက်လက်ကြိုးပမ်းနေပါတယ်။

လက်ရှိမှာတော့ ကစားသမားဘဝ သွင်းဂိုး ၉၈၅ ဂိုး အထိ ရှိနေပြီဖြစ်ပြီး လာမယ့်ရာသီကုန်မှာ ကလပ်ဘဝပါ အဆုံးသတ်ဖို့ ရှိနေပါတယ်။

Ref : nbcnews