အင်္ဂလန် ကြယ်ပွင့် ကစားသမားလေး ဂျုဒ့် ဘယ်လင်ဟမ် အတွက်ကတော့ ၂၀၂၃ခုနှစ်ဟာ သူ့အတွက် အကောင်းဆုံး နှစ်တစ်နှစ်လို့တောင် ဆိုရမလိုပါပဲ။ ဘာလို့လဲဆိုတော့ ဒီနှစ်အတွင်းမှာပဲ ဘယ်လင်ဟမ်အတွက် အကောင်းဆုံး ပြောင်းလဲမှုတွေ အောင်မြင်မှုတွေ ရရှိခဲ့လို့ပါ။ ဒါတွေက ဘယ်လင်ဟမ်ရဲ့ အောင်မြင်မှု နိဒါန်းတစ်ခုလို့တောင် ဆိုနိုင်ပါတယ်။

Photot Credit : AP News

ဘယ်လင်ဟမ်က ဘာမင်ဂမ်လို အသင်းမျိုးကနေ ဒေါ့မွန်ကို ရောက်ရှိပြီး ဒေါ့မွန်မှာပါ ပိုပြီး တောက်ပလာရင်း ၂၀၂၂ ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲကြီးအတွက် အင်္ဂလန် လူစာရင်းမှာ ရွေးချယ်ခံရကာ သူရဲ့ ပထမဆုံး World Cup မှာလည်း တောက်ပနိုင်ခဲ့ပါတယ်။ ဒီလို တောက်ပခဲ့တဲ့ ကြယ်ပွင့်လေး ဘယ်လင်ဟမ်ကို ဒီနွေမှာပဲ ရီးယဲလ် မက်ဒရစ်အသင်းကနေ ပြောင်းရွှေ့ကြေး ယူရို (၁၀၃)သန်းအထိ အသုံးပြုရင်း အရ ခေါ်ယူခဲ့ပါတယ်။

Photo Credit : Managing Madrid

ဘယ်လင်ဟမ်က ဘာမင်ဂမ်ကနေ ဒေါ့မွန်ကို ရောက်သွားချိန် ဒေါ့မွန်ကနေ ရီးယဲလ်ဆီ ရောက်သွားချိန်တွေမှာ သူရဲ့ ကစားသမားဘဝ မြှင့်တက်သွားရင်း နဲ့ သူရဲ့ စွမ်းဆောင်ရည်တွေပါ မြင့်မားလာခဲ့ပြီး အခုဆို ရီးယဲလ်အသင်းမှာပါ (၁၄)ပွဲကစား (၁၃)ဂိုးသွင်း (၃)ဂိုးဖန်တီးနိုင်ခဲ့သလို (၈)ပွဲအထိ တစ်ပွဲလုံး အကောင်းဆုံး ကစားသမားဆုတွေကို ပိုင်ဆိုင်နိုင်ခဲ့ပါသေးတယ်။

Photo Credit : beIN SPORTS

ရီးယဲလ် ကစားသမားဘဝ ပွဲဦးထွက်ရာသီမှာ မထင်ထားလောက်အောင် တောက်ပခဲ့တဲ့ ကြယ်ပွင့်လေး ဘယ်လင်ဟမ်က ၂၀၂၃ ဘာလွန်းဒေါဆုပေးပွဲမှာပါ တစ်နှစ်တာ အကောင်းဆုံး လူငယ် ကစားသမားဆု Kopa Trophy ဆုကို ဆွတ်ခူးခဲ့သလို တစ်နှစ်တာအတွင်း အကောင်းဆုံး စွမ်းဆောင်ရည်တွေ ပြသနိုင်တဲ့ လူငယ် ကစားသမားတစ်ဦးကို ရွေးချယ် ချီးမြှင့်တဲ့ Golden Boy ဆုကိုပါ ပိုင်ဆိုင်ခဲ့ရပြန်သေးတယ်။

Featured Photo : Jude Bellingham X