ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ အာဆင်နယ် အသင်းက ချန်ပီယံလိဂ် ပြိုင်ပွဲကို (၅)နှစ်အကြာမှ ပြန်လည် ဆင်နွဲခွင့် ရရှိခဲ့ရင်းနဲ့ ကွာတားဖိုင်နယ်အဆင့်လောက်အထိ တက်လှမ်းပြနိုင်ခဲ့တာမို့ ရုတ်တရက် မဆိုးဘူးလို့ သတ်မှတ်နိုင်ပေမယ့် သူတို့အသင်းရဲ့ ချန်ပီယံလိဂ်အဝေးကွင်းပွဲ ရလဒ်တွေကတော့ လုံးဝကို အားရစရာ အနေအထားမှာ ရှိမနေခဲ့ပါဘူး။

Photo Credit: The Independent

၂၀၂၃-၂၀၂၄ ရာသီမှာ အာဆင်နယ် က ဆီဗီလာ ၊ လန်းစ် ၊ PSV အသင်းတို့နဲ့ တစ်အုပ်စုတည်းကျပြီးတော့ ယူရိုပါလိဂ် မာစတာကြီး ဆီဗီလာကို အဝေးကွင်းမှာ အနိုင်ယူခဲ့ပြီး ချန်ပီယံလိဂ်နဲ့ နှစ်ပေါင်းများစွာ ဝေးကွာနေတဲ့ လန်းစ်ကို အဝေးကွင်းမှာ ရှုံးနိမ့်ကာ နယ်သာလန်ကလပ် PSV နဲ့ အဝေးကွင်းမှာ သရေကျခဲ့ပါတယ်။ ရှုံးထွက် တက်သွားတော့ ပေါ်တိုနဲ့ ပကျော့ ပေါ်တူဂီမြေမှာ ကစားတုန်းကလည်း အာဆင်နယ်က (1-0) ဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့်သေးခဲ့ပြီး ပင်နယ်တီနဲ့ ကွာတားတက်ခဲ့ပြန်တော့လည်း မြူးနစ်မြေမှာ ဘိုင်ယန်ကို ရှုံးနိမ့်ပြီး ချန်ပီယံလိဂ်ကနေ ထွက်ခွာခဲ့ရပါတယ်။

Photo Credit: Arsenal

အခုလည်း ပုံစံသစ် စနစ်သစ်နဲ့ ပြောင်းလဲ ကျင်းပတဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲအထိ အာဆင်နယ်ရဲ့ အဝေးကွင်းရလဒ်က မပြောင်းလဲနိုင်ပါဘူး။ အသင်းခေါင်းဆောင် မာတင် အိုဒီဂတ် မပါနိုင်တာက အာဆင်နယ် ကွင်းလယ်ပိုင်းအတွက် အားနည်းခဲ့ရတယ်လို့ ဆိုနိုင်ပေမယ့် အိုဒီဂတ်ကလွဲပြီး ကျန်တဲ့ ကစားသမား အစုံအလင် ပါဝင်ခဲ့ပေမယ့် ဂိုးသမား ဒေးဗစ် ရာယာရဲ့ ပင်နယ်တီ ကာကွယ်မှုနဲ့ ပင်နယ်တီ ကာကွယ်ပြီး ထပ်မံ အနီးကပ် အဆုံးသတ်မှုကိုပါ ဆက်တိုက် ကာကွယ်လိုက်နိုင်တာက အာဆင်နယ်အတွက် အသက်ရှုချောင်စေခဲ့ရပါတယ်။

Photo Credit: Arsenal

အတ္တလန်တာ ဆိုတာက စီးရီးအေရဲ့ အသင်းကောင်းတစ်သင်း ယူရိုပါလိဂ် ချန်ပီယံ ဆိုပေမယ့် အာဆင်နယ်လို အသင်းမျိုးနဲ့ ယှဉ်ကြည့်ရင်တော့ ခေါင်းတစ်လုံးပိုနိမ့်မယ့်အသင်း ဖြစ်ပေမယ့် ဒီပွဲမှာတော့ ဒီနှစ်သင်းလုံးရဲ့ ကစားဟန်တွေက သိပ်အားရစရာ မရှိပဲ အတ္တလန်တာဘက်က ရီတယ်ဂီရဲ့ ပင်နယ်တီ ဝင်အောင် မကန်နိုင်မှုကလည်း တကယ်ကို အလျော်အစား ကြီးသွားခဲ့ပါတယ်။ အာဆင်နယ် ကလည်း PSV ပေါ်တို ဘိုင်ယန် အတ္တလန်တာတို့နဲ့ ကစားထားရတဲ့ ချန်ပီယံလိဂ် အဝေးကွင်း (၄)ပွဲလုံး နိုင်ပွဲပျောက်ထားသလို ပေါ်တို ဘိုင်ယန် အတ္တလန်တာတို့နဲ့ အဝေးကွင်း ပွဲတွေမှာဆိုရင် နိုင်ပွဲရော သွင်းဂိုးပါ ပျောက်ဆုံးနေတာက တစ်ခုခု မှားနေသလိုတောင် ဖြစ်နေပါပြီ။

Featured Photo: Goal