မန်ချက်စတာ စီးတီး အသင်းကတော့ ယခုလာမယ့် နွေရာသီမှာ အသင်းရဲ့ အဓိက ကစားသမား ၆ ဦးအထိကို ရောင်းထုတ်ဖို့ ပြင်ဆင်နေပြီး ဒီစာရင်းထဲမှာ နောက်ခံလူ ဂျွန်စတုန်းကိုလည်း ထည့်သွင်းထားတယ်လို့ သိရပါတယ်။

Photo : The Sun

The Athletic သတင်းရဲ့ ဖော်ပြချက်အရ စီးတီး အသင်းအနေနဲ့ ရောင်းချသွားဖို့ ဆန္ဒရှိနေတဲ့ ကစားသမားစာရင်းမှာ အသက် ၃၁ နှစ်အရွယ် အင်္ဂလန် လက်ရွေးစင် ကစားသမား ဂျွန်စတုန်း အပါအဝင် နီကို အိုရီလီ ၊ မက်တီယို ကိုဗာဆစ် ၊ ဂန်ဒိုဂန် ၊ အီချီဗာရီနဲ့ အော်စကာဘော့ဘ် တို့ ပါဝင်နေပါတယ်။

နော်ဝေ ကြယ်ပွင့်ကစားသမား အော်စကာ ဘော့ဘ်ကတော့ ပြီးခဲ့တဲ့ရာသီမှာ ဒဏ်ရာ အခြေအနေကြောင့် ရာသီတစ်ခုလုံးနီးပါး ပွဲထွက်ခွင့်နဲ့ လွဲချော်ခဲ့ရပြီး နည်းပြ ဂွာဒီယိုလာရဲ့အသင်းမှာ တိုက်စစ်လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်တဲ့ တောင်ပံကစားသမားလေး ဖြစ်ပေမယ့်လည်း လာမယ့်နွေမှာ ရောင်းထုတ်မယ့် ကစားသမား စာရင်းထဲ ပါဝင်လာခဲ့တာပဲ ဖြစ်ပါတယ်။

ဂျွန်စတုန်း ကလည်း ပြီးခဲ့တဲ့ ရာသီမှာ ခြေထောက်နဲ့ တံကောက်ကြော ဒဏ်ရာတွေရရှိခဲ့တာကြောင့် ပြီးခဲ့တဲ့ရာသီအတွင်း စီးတီး အသင်းအတွက် ပရီးမီးယားလိဂ်ပွဲပေါင်း ၁၁ ပွဲသာ ကစားနိုင်ခဲ့ပါတယ်။ စီးတီးအသင်းကတော့ ပြီးခဲ့တဲ့ ဇန်နဝါရီလထဲမှာ ဂျွန်စတုန်း နေရာကို အစားထိုးဖို့ ဥဇဘတ်ကစ်စတန် လက်ရွေးစင် ကာဆာနိုကို ၄ နှစ်ခွဲ စာချုပ်နဲ့ ခေါ်ယူနိုင်တာ ဖြစ်ပါတယ်။

Photo : Sports Illustrated

မန်စီးတီးအသင်းဟာ လာမယ့်ဘောလုံးရာသီအတွက် ယခုအပြောင်းအရွှေ့ဈေးကွက်အတွင်းမှာ ကစားသမား အင်အားဖြည့်တင်းမှုတွေကို ဆက်တိုက်လုပ်ဆောင်နေပြီး အေစီမီလန်အသင်းရဲ့ နယ်သာလန် ကွင်းလယ်ကစားသမား ရိုင်းဒါစ် ၊ ဝုဗ်အသင်း ခံစစ်ကစားသမား ရယန် အစ်နိုရီနဲ့ အသက် ၂၁ နှစ်သာရှိသေးတဲ့ ပြင်သစ်တောင်ပံ လူငယ်ကြွယ်ပွင့် ချာကီတို့ကို ခေါ်ယူထားပြီး ဖြစ်ပါတယ်။

Source : Goal.com

Featured Photo : The Independent