ဆိတ်ကြီး လီယွန်နယ် မက်ဆီက ဒီနှစ် ဘောလုံးရာသီထဲမှာ သူရဲ့ လက်ရွေးစင်အသင်း အာဂျင်တီးနားနဲ့ သူ အလိုချင်ဆုံး ကမ္ဘာ့ဖလားကြီးကို ရယူထားနိုင်ခဲ့သလို သူရဲ့လက်ရှိကလပ် ပီအက်စ်ဂျီအသင်းအတွက်ကိုလည်း လုံးဝ အထင်ကြီးလောက်စရာ စွမ်းဆောင်မှုကိုပါ ထပ်မံ စွမ်းဆောင်ပြထားခဲ့ပါသေးတယ်။

Photo Credit : Sky Sports

အသက် (၃၅)နှစ်အရွယ်ကို ရောက်ရှိနေပြီး လာမယ့် ဇွန်လထဲမှာ (၃၆)နှစ်ပြည့်တော့မယ့် မက်ဆီဟာ အာဂျင်တီးနားအသင်းအတွက် သူ ယူဆောင်ပေးချင်နေတဲ့ ကမ္ဘာ့ဖလားကြီးကို သူရဲ့ နောက်ဆုံးသော World Cup ပြိုင်ပွဲမှာပဲ အရ ယူဆောင်ပေးနိုင်ခဲ့ပြီး တာဝန်ကျေပွန်ခဲ့ပါတယ်။ ဒါပေမယ့် အဲ့ဒီ World Cup အပြီးမှာပဲ မက်ဆီ နဲ့ ပီအက်စ်ဂျီအသင်းတို့ကြား အဆင်မပြေမှုတွေ ဖြစ်လာခဲ့ပြီး အဓိကတော့ ပြင်သစ်လူမျိုးတွေ အများအပြား ရှိနေတဲ့ ပီအက်စ်ဂျီ ပရိသတ်တွေက သူတို့ ပြင်သစ်အသင်းကို ကမ္ဘာ့ဖလားဖိုင်နယ်မှာ အနိုင်ယူခဲ့တဲ့ မက်ဆီကို နေရင်းထိုင်ရင်းနဲ့ မျက်မုန်းကျိုးလာခဲ့ပါတယ်။

Photo Credit : Barca Blaugranes

ဒါပေမယ့် မက်ဆီကတော့ မက်ဆီပါပဲ။ လာမယ့် ဇွန်လမှာ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့်အချိန် အသင်းနဲ့ သက်တမ်းမတိုးဖို့ အခြေအနေများနေသည့်တိုင် သူရဲ့ ဘောလုံးသမားဘဝကို ပရော်ဖက်ရှင်နယ်ကျကျနဲ့သာ ဖြတ်သန်းလို့နေပြီး အသင်းအတွက် သူလုပ်ဆောင်ပေးနိုင်သမျှကိုလည်း အကောင်းဆုံး စွမ်းဆောင်နေပါတယ်။ အခုဆိုရင် မက်ဆီဟာ ဒီရာသီထဲ ဘယ်ကစားသမားမှ မစွမ်းဆောင်နိုင်တဲ့ စွမ်းဆောင်မှုအဖြစ် သွင်းဂိုး(၂၀)+ဂိုးဖန်တီးမှု(၂၀)ကိုပါ လုပ်ဆောင်ထားနိုင်ပါတယ်။

Photo Credit : Goal

မက်ဆီက ဒီရာသီမှာ ပီအက်စ်ဂျီအသင်းအတွက် လီဂူးပြိုင်ပွဲထဲ (၁၅)ဂိုးသွင်း (၁၆)ဂိုးဖန်တီး ချန်ပီယံလိဂ်ပြိုင်ပွဲထဲ (၄)ဂိုးသွင်း (၄)ဂိုးဖန်တီး ပြင်သစ် စူပါဖလားပြိုင်ပွဲထဲ (၁)ဂိုးသွင်းထားပြီး သူရဲ့ စုစုပေါင်း သွင်းဂိုးပေါင်းက (၂၀)ရှိထားသလို ဂိုးဖန်တီးမှုဟာလည်း (၂၀)အထိ ရှိနေပါတယ်။ ဒီလို သွင်းဂိုး အရေအတွက် (၂၀) ဂိုးဖန်တီးမှု အကြိမ်ရေ (၂၀) အထိ စွမ်းဆောင်ထားနိုင်တဲ့ ကစားသမားဟာလည်း ဒီရာသီမှာ မက်ဆီ တစ်ဦးတည်းသာ ရှိနေရပါတယ်။

Featured Photo : The Forbes