ဘဝဆိုတာ ကျွန်တော်တို့ ကြိုတင်စီစဉ်ထားတဲ့အတိုင်း အမြဲတမ်း ဖြစ်မလာတတ်ပါဘူး။ လူတိုင်းလိုလိုဟာ အခက်အခဲတွေ၊ စိတ်ပျက်စရာတွေနဲ့ အရာရာ ကိုယ့်ဘက်မှာ မရှိသလို ခံစားရတဲ့ အချိန်တွေကို ကြုံတွေ့ရတတ်ပါတယ်။
ဒါပေမဲ့ အဲဒီနာကျင်စရာ အခက်အခဲတွေနောက်ကွယ်မှာ ကိုယ့်ကိုယ်ကိုယ် တိုးတက်စေမယ့် လျှို့ဝှက်အခွင့်အလမ်းတွေ ရှိနေတတ်ပါတယ်။
"ငါ့ကျမှ ဘာလို့ ဒီလိုဖြစ်ရတာလဲ" လို့ မေးမယ့်အစား "ဒီအဖြစ်အပျက်ကနေ ငါ ဘာသင်ခန်းစာ ယူနိုင်မလဲ" လို့ အမြင်ပြောင်းလိုက်တာနဲ့ ဘဝရဲ့ အလှည့်အပြောင်း စတင်လာမှာပါ။

စာရေးသူ Crystal Lundberg ရေးသားထားတဲ့ အဓိကအချက်တွေကို အောက်ပါအတိုင်း အကျဉ်းချုပ် ကောက်နုတ်ဖော်ပြလိုက်ပါတယ်။
၁။ သက်သောင့်သက်သာ မရှိတဲ့ အခြေအနေကနေ တိုးတက်မှု စတင်ပါတယ်
တိုးတက်မှုနဲ့ သက်သောင့်သက်သာရှိမှုဟာ တစ်နေရာတည်းမှာ အတူရှိမနေတတ်ပါဘူး။ ကိုယ်နဲ့ ရင်းနှီးပြီးသား ပုံစံခွက်ထဲကနေ ရုန်းထွက်ပြီး မသေချာမရေရာတဲ့ အခြေအနေတွေကို ရင်ဆိုင်ရတဲ့အခါမှသာ ကိုယ့်ရဲ့ အားသာချက်အစစ်အမှန်တွေကို ရှာဖွေတွေ့ရှိနိုင်မှာပါ။
၂။ စိတ်နေစိတ်ထားရဲ့ စွမ်းအား
တူညီတဲ့ အခက်အခဲတစ်ခုကို ရင်ဆိုင်ရပေမယ့် လူနှစ်ယောက်ရဲ့ ရလဒ်ချင်း မတူညီကြတာဟာ အမြင်နဲ့ စိတ်နေစိတ်ထားကြောင့်ပါ။ တိုးတက်လိုစိတ် (Growth Mindset) ရှိသူတွေက အခက်အခဲတွေကို ထာဝရအတားအဆီးလို့ မမြင်ဘဲ ယာယီသင်ခန်းစာတစ်ခုအဖြစ်သာ ရှုမြင်ပြီး အဖြေရှာကြပါတယ်။

၃။ ရှေ့ဆက်နိုင်မယ့် ပန်းတိုင်တွေ ချမှတ်ပါ
ဘဝမှာ စိတ်ဖိစီးစရာတွေ များလာတဲ့အခါ ပန်းတိုင်တွေက လမ်းကြောင်းမှန်ကို ပြသပေးနိုင်ပါတယ်။ ကြီးမားတဲ့ ပန်းတိုင်တွေကို တစ်ခါတည်း လုပ်ဖို့ ကြောက်ရွံ့နေမယ့်အစား သေးငယ်ပြီး လက်တွေ့လုပ်ဆောင်နိုင်တဲ့ အဆင့်လေးတွေအဖြစ် ခွဲခြမ်းပြီး နေ့စဉ် ပုံမှန်လုပ်ဆောင်သွားဖို့ လိုအပ်ပါတယ်။
၄။ ကြံ့ကြံ့ခံနိုင်စွမ်းကို အတွေ့အကြုံကနေ တည်ဆောက်ပါတယ်
ကြံ့ကြံ့ခံနိုင်စွမ်းဆိုတာ မွေးရာပါ အရည်အချင်း မဟုတ်ဘဲ ဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံတွေကနေ တည်ဆောက်ယူရတာပါ။ ခက်ခဲတဲ့ အချိန်တွေက စိတ်ရှည်မှုကို သင်ပေးပြီး၊ ကျရှုံးမှုတွေက ဇွဲရှိမှုကို သင်ပေးသလို၊ မသေချာမှုတွေက လိုက်လျောညီထွေ နေတတ်ဖို့ သင်ပေးပါတယ်။

၅။ မိမိကိုယ်ကို စဉ်ဆက်မပြတ် တိုးတက်အောင် လုပ်ဆောင်ပါ
တိုးတက်မှုဆိုတာ ပန်းတိုင်တစ်ခု မဟုတ်ဘဲ အဆက်မပြတ် လျှောက်လှမ်းရမယ့် ခရီးစဉ်တစ်ခုပါ။ စာဖတ်တာ၊ ပညာရပ်အသစ်တွေ လေ့လာတာနဲ့ အမြဲတမ်း စူးစမ်းလေ့လာနေတာတွေဟာ ကိုယ့်ကိုယ်ကိုယ် မနေ့ကထက် ပိုကောင်းအောင် ရင်းနှီးမြှုပ်နှံခြင်းပဲ ဖြစ်ပါတယ်။
၆။ ပြီးပြည့်စုံမှုထက် တိုးတက်မှုကို ဦးစားပေးပါ
လူအများစုဟာ အကောင်းဆုံးအချိန်နဲ့ အကောင်းဆုံးအစီအစဉ်ကို စောင့်ဆိုင်းနေရင်းနဲ့ပဲ ဘာမှ မလုပ်ဖြစ်ဘဲ အချိန်ကုန်သွားတတ်ကြပါတယ်။ တကယ်တမ်းမှာ ပြီးပြည့်စုံမှုဆိုတာ မရှိသလောက် ရှားပါတယ်။ အမှားတွေကနေ သင်ယူပြီး မရပ်မနား ရှေ့ဆက်လုပ်ဆောင်နေခြင်းကသာ အောင်မြင်မှုဆီကို ပို့ဆောင်ပေးနိုင်မှာ ဖြစ်ပါတယ်။
အချုပ်အားဖြင့် ဆိုရရင် အခက်အခဲတွေကို ကြံ့ကြံ့ခံနိုင်စွမ်း၊ တိုးတက်လိုတဲ့ စိတ်နေစိတ်ထားနဲ့ စဉ်ဆက်မပြတ် လေ့လာသင်ယူမှုတွေ ပေါင်းစပ်ပြီး ရင်ဆိုင်မယ်ဆိုရင် အဲဒီအတားအဆီးတွေဟာ ကိုယ့်ရဲ့ အကြီးမားဆုံး အလားအလာတွေကို ဖော်ထုတ်ပေးမယ့် အခွင့်အလမ်းကောင်းတွေ ဖြစ်လာမှာ သေချာပါတယ်။
Ref: medium


