လက်ရှိဘောက်ဆင်လောကမှာ ထိပ်ဆုံးတန်းက ‌နေရာပေးဖော်ပြခံရတဲ့ မန်နီပက်ကွီယို (ပက်ကွီယောင်းလို့လည်း အသံထွက်တာရှိ) ကို အားလုံးပဲ သိကြမှာပါ။ ပိန်ပိန်ပါးပါး ပုပျပ်ပျပ် အရပ်အမောင်းပိုင်ရှင် ၊ ရီလိုက်ရင် ရိုးသားပွင့်လင်းတဲ့ အာရှသားတစ်ယောက်အဖြစ် မြင်ရမယ့် ပက်ကွီယိုဟာ မတူတဲ့ ဝိတ်တန်း ၈ ခုမှာ အဓိကကမ္ဘာ့အဆင့်ခါးပတ် ၁၂ ခုအထိ ရထားတဲ့ တစ်ဦးတည်းသော လက်ဝှေ့သမားဖြစ်တာကိုတော့ လူသိနည်းကြပါတယ်။

ကမ္ဘာ့လက်ဝှေ့လောကမှာ ခါးပတ်အများဆုံးပိုင်ရှင်ဖြစ်ခဲ့တဲ့ ပက်ကွီယိုဟာ လျင်မြန်မှု ၊ ပါဝါနဲ့ လက်သီးလားရာတွေကို သွက်သွက်လက်လက်ပေါင်းစပ် ထိုးသတ်တာကြောင့်လည်း ကမ္ဘာကျော်ပါတယ်။ အသက် ၄၂ နှစ်အရွယ် လက်ဝှေ့ကျော်ဟာ အခုတော့ လက်ဝှေ့လောက ကနေ အနားယူပြီး ဖိလစ်ပိုင်သမ္မတရွေးကောက်ပွဲမှာ ဝင်အရွေးခံဖို့ပါ ပြင်နေပါတယ်။ ဒီတစ်ခေါက်တော့ လက်ဝှေ့ကျော် မန်နီပက်ကွီယိုရဲ့ စိတ်ဝင်စားစရာ ထူးခြားချက်တွေ မျှဝေပေးချင်ပါတယ်။

(၁) လက်ဝှေ့သမားဆိုတာထက် ပိုပါတယ်

Photo: New York Post

မန်နီပက်ကွီယိုလို့ ကမ္ဘာကျော်တဲ့ ဖိလစ်ပိုင် ကမ္ဘာ့လက်ဝှေ့ကျော် အီမန်နူရယ် ဒါပီဒရန် ပက်ကွီယိုဟာ လက်ဝှေ့ထိုးတာအပြင် သရုပ်ဆောင်လည်း လုပ်သလို သီချင်းလည်း ဆိုပါတယ်။ ဘက်စကတ်ဘောပါ ကစားပါတယ်။ နိုင်ငံရေးလောကထဲလည်း ဝင်ထားပြီး လက်ရှိ ဖိလစ်ပိုင်လွှတ်တော်အမတ်အဖြစ်လည်း ရွေးကောက်ခံထားရပါတယ်။ Forbes မဂ္ဂဇင်းက သူ့ကို ၂၀၀၉ အတွက် ဆဌမမြောက် ကြေးအမြင့်ဆုံးရတဲ့ အားကစားသမားအဖြစ် ဖော်ပြထားပါတယ်။

(၂) အံ့ဖွယ်ဆုများ ပိုင်ရှင်လည်း ဖြစ်ပါတယ်

Photo: New York Post

ပက်ကွီယိုဟာ The Ring က သတ်မှတ်တဲ့ WBO ဝယ်သာဝိတ်ချန်ပီယံထဲမှာ အဆင့် ၃ လိုက်ပါတယ်။ အဓိက လက်ဝှေ့အဖွဲ့အစည်းကြီး သုံးခုဖြစ်တဲ့ ကမ္ဘာ့လက်ဝှေ့ကောင်စီ WBC လက်ဝှေ့ကလောင်ရှင်များအသင်း (အမေရိက) နဲ့ ကမ္ဘာ့လက်ဝှေ့အဖွဲ့အစည်း WBO တို့ရဲ့ ၂၀၀၀ ပြည့်လွန် ဆယ်စုနှစ်အတွက် အတော်ဆုံးဖိုက်တာ Fighter fo The Decade အဖြစ် သတ်မှတ်ခံထားရသူလည်း ဖြစ်ပါတယ်။

၂၀၀၆, ၂၀၀၈ နဲ့ ၂၀၀၉ ခုနှစ်တွေမှာ The Ring နဲ့ BWAA တို့က ချီးမြှင့်တဲ့ တစ်နှစ်တာဖိုက်တာဆု Fighter of The Year လည်း သုံးကြိမ် ရထားပါတယ်။၂၀၀၉ နဲ့ ၂၀၁၁ တွေမှာ ESPY ရဲ့ Best Fighter ဆု နှစ်ကြိမ် ရခဲ့သလို လက်ဝှေ့လောကရဲ့ အထင်ကရမီဒီယာကြီးတွေကနေ အတော်ဆုံး လက်ဝှေ့သမားအဖြစ် သတ်မှတ်ခံရတာလည်း အကြိမ်ကြိမ်ပါပဲ။

(၃) သူ့ဘဝ သူ့လောကဓံ

Photo: CGTN

၁၉၇၈ ဒီဇင်ဘာ ၁၇ ရက်နေ့ ဖိလစ်ပိုင်နိုင်ငံ Bukidnon ခရိုင် Kibawe မှာ ပက်ကွီယိုကို မွေးပါတယ်။ မွေးချင်း ၆ ယောက်မှာ စတုတ္ထမြောက် ဖြစ်ပြီး နှစ်ယောက်က သူ့အမေရဲ့ ပထမအိမ်ထောင်နဲ့ ရတာပါ။ သူ့အဖေနဲ့အမေက ပက်ကွီယို ၆ တန်းကျောင်းသားဘဝမှာ ကွဲပါတယ်။ အဖေနဲ့ လိုက်နေရပါတယ်။ နောက်တော့ ကမ္ဘာ့လက်ဝှေ့ကျော် ဖြစ်လာပြီး Jinkee လို့ နာမည်ပြောင်ရထားတဲ့ မာရီယာ ဂီရယ်ဒင်း ဂျာမိုရာနဲ့ ၂၀၀၀ ပြည့်နှစ်မှာ အိမ်ထောင်ကျပြီး သားသမီး ၅ ဦးထွန်းကားပါတယ်။ လောလောဆယ် ဖိလစ်ပိုင်နိုင်ငံ South Cotabato မှာ ရှိတဲ့ General Santos City မှာ နေပါတယ်။

Featured Photo: CGTN