ကန့်သတ် ဧရိယာတဝိုက် မှာ ယားယံတဲ့ ပြဿနာဟာ နေ့စဉ်ဘဝထဲက အနှောင့်အယှက် အဖြစ်ရဆုံး ကိစ္စတစ်ခုပါပဲ။ ဒါဟာ ဆိုရီယေးစစ် (Psoriasis) လို့ ခေါ်တဲ့ အရေပြားဆိုင်ရာ ပြဿနာကြောင့် ဖြစ်နိုင်သလို နှင်းခူ နဲ့ Trichomoniasis ရောဂါလို လိင်မှတဆင့် ကူးစက်တက်တဲ့ ရောဂါကြောင့်လည်း ဖြစ်နိုင်ပါတယ်။ နောက်ပြီး တစ်ကိုယ်ရေ သန့်ရှင်းမှုဆိုင်ရာ သုံး ထုတ်ကုန်ပစ္စည်းတွေ ကနေတဆင့် ဖြစ်ပေါ်လာတဲ့ အရေပြား ပြဿနာတွေ ၊ ဓာတ်မတည့်မှုတွေကနေလည်း ဖွားဖက်တော်နဲ့ ကန့်သတ် ဧရိယာတဝိုက်မှာ ယားယံခြင်း ၊ အသားအရေ နီမြန်းခြင်း အဖုအပိန့် ထွက်ခြင်း၊ ပုံမှန်မဟုတ်တဲ့ အရည်တွေ ထွက်ခြင်း သို့မဟုတ် အခြားမြင်သာထင်သာရှိတဲ့ လက္ခဏာတွေကို ဖြစ်ပေါ်စေတက်ပါတယ်။

ဘယ်အရာတွေက လိင်အင်္ဂါယားယံခြင်းကို ဖြစ်စေသလဲ ?

Genital Itching
Photo : Dr Ben Medical

ကန့်သတ် ဧရိယာတဝိုက် ယားယံခြင်းဟာ ကျား/မ မရွေး ဖြစ်နိုင်ပြီး ဖြစ်နိုင်တဲ့ အကြောင်းအရင်းများစွာလည်း ရှိပါတယ်။ လိင်အင်္ဂါ ယားယံခြင်းကို ဖြစ်စေတဲ့ အဖြစ်အများဆုံး အကြောင်းအရင်းအချို့ ကတော့………

  • နှင်းခူ (Atopic Dermatitis)
  • အရေပြားရောင်ရမ်းရောဂါ (Dermatitis)
  • ဆိုရီယေးစစ် (Psoriasis)
  • Lichen Sclerosus
  • Lichen Simplex Chronicus
  • တုတ်ကောင်ကူးစက်ခြင်း (Pinworms)
  • ဓာတ်မတည့်ခြင်း
  • ချွေးထွက်ခြင်း သို့မဟုတ် တင်းကျပ်တဲ့ အဝတ်အစားတွေ ဝတ်ဆင်ခြင်းကြောင့် အရေပြားယားယံခြင်း
  • အမွှေးရနံ့ပါတဲ့ ဆပ်ပြာတုံး ၊ ဆပ်ပြာရည် များကဲ့သို့ တစ်ကိုယ်ရေသန့်ရှင်းမှုဆိုင်ရာ ထုတ်ကုန်တွေကတဆင့် အရေပြားယားယံခြင်း
  • လိင်အင်္ဂါရေယုန်
  • လိင်အင်္ဂါကြွက်နို့
  • ဆီးခုံသန်း (Pubic Lice)
  • လိင်အင်္ဂါ အမွှေးအမျှင် ရိတ်ခြင်းကနေ ဓားရှခြင်း
  • ဖြစ်တောင့်ဖြစ်ခဲ ရောဂါ မိန်းမကိုယ်ကင်ဆာ (Vulvar Cancer)

စတဲ့ အကြောင်းအရင်းတွေကြောင့် ဖြစ်နိုင်ခြေ ရှိပါတယ်။ အမျိုးသမီးတွေမှာ ဆိုရင် မိန်းမကိုယ်ကူးစက်မှိုရောဂါ (Yeast Infection) ၊ မိန်းမကိုယ် ဘက်တီးရီးယားပိုးဝင်ရောင်ရမ်းရောဂါ (Bacterial Vaginosis) ၊ Trichomoniasis ရောဂါ ၊ ကလက်မိုင်ဒီးယား (Chlamydia) ၊ ဆီးပူညောင်းကျဂနိုရောဂါ (Gonorrhoea) ၊ သွေးဆုံးခြင်း သို့မဟုတ် ဟော်မုန်း အပြောင်းအလဲတွေကြောင့်လည်း ဖြစ်တက်ပါတယ်။

လိင်အင်္ဂါ ယားယံခြင်းကို ဘယ်အရာတွေက ပိုဆိုးစေသလဲ ?

Genital Itching

Photo : Bruno Fuga Advocacia

ကန့်သတ် ဧရိယာ လိင်အင်္ဂါတဝိုက် ယားယံခြင်းကို ပိုဆိုးစေနိုင်တဲ့ အကြောင်းအရင်းတွေလည်း ရှိပါတယ်။ ဒါတွေကတော့ ချွေးထွက်ခြင်း ၊ တင်းကျပ်လွန်းတဲ့ အဝတ်အစားတွေ ဝတ်ဆင်ခြင်း ၊ အမွှေးရနံ့ပါတဲ့ ဆပ်ပြာတုံး ၊ ဆပ်ပြာရည်တွေကို အသုံးပြုခြင်း ၊ ဓာတုပစ္စည်းနဲ့ ရေမွှေးပါတဲ့ လိင်အင်္ဂါ သန့်စင်ဆေးတွေကို သုံးခြင်း စတဲ့ အခြေအနေတွေဟာ လိင်အင်္ဂါ ယားယံမှုပြဿနာကို ပိုမိုဆိုးရွားစေနိုင်တဲ့ အချက်တွေပဲ ဖြစ်ပါတယ်။

လိင်အင်္ဂါ ယားယံခြင်း ဖြစ်နိုင်ခြေကို ဘယ်လိုလျှော့ချနိုင်မလဲ ?

Genital Itching

Photo : Gillette

လိင်အင်္ဂါနဲ့ ကန့်သတ် ဧရိယာတဝိုက် ယားယံခြင်း ဖြစ်နိုင်ခြေကို လျှော့ချနိုင်မယ့် နည်းလမ်းများစွာ ရှိပါတယ်။ ဒါတွေကတော့………

  • ဆပ်ပြာအပျော့စားကို အသုံးပြုပြီး နေ့စဉ်ပုံမှန် ကန့်သတ်ဧရိယာ တဝိုက်ကို သန့်ရှင်းဆေးကြောပေးပါ။ ဆေးကြောသန့်စင်ပြီးတာနဲ့ လိင်အင်္ဂါ တဝိုက်ကို အဝတ်သန့်သန့်နဲ့ သုတ်ပြီး ခြောက်သွေ့အောင်ထားပါ။
  • ချောင်ချောင်ချိချိနဲ့ လေဝင်လေထွက်ကောင်းတဲ့ Natural-Fiber အတွင်းခံတွေနဲ့ ချည်သား အဝတ်အစားတွေကို ဝတ်ဆင်ပါ။ အတွင်းခံဘောင်းဘီကို အနည်းဆုံး ၂၄ နာရီတိုင်းမှာ တစ်ခါ နောက်တစ်ထည် ပြောင်းလဲဝတ်ဆင်ပါ။
  • ရေချိုးပြီး သို့မဟုတ် ရေကူးပြီးတိုင်းမှာ လိင်အင်္ဂါတဝိုက်ကို သေချာခြောက်အောင်သုတ်ပါ။
  • စိုစွတ်နေတဲ့ အဝတ်အစားကို အချိန်ကြာရှည်စွာ ဝတ်ဆင်ခြင်းမှ ရှောင်ကြဉ်ပါ။
  • အထူးသဖြင့် သင် သို့မဟုတ် သင့်ပါတနာထံ အပြန်အလှန် ရောဂါပိုးမွှား ကူးစက်ခံရခြင်းမှ ကာကွယ်နိုင်ဖို့ ချစ်တင်းနှောတဲ့အခါ အကာအကွယ်မဲ့ ဆက်ဆံခြင်းကို ရှောင်ကြဉ်ပါ။
  • အမျိုးသမီးတွေမှာဆိုရင် စအိုမှတဆင့် ဘက်တီးရီးယားပိုးမွှားတွေ ဝင်ရောက်ခြင်းမှကာကွယ်နိုင်ဖို့ လိင်အင်္ဂါ မိန်းမကိုယ်ကို ဆေကြေားသန့်စင်တဲ့အခါ ရှေ့မှနောက်သို့ အမြဲပွတ်တိုက် ဆေးကြောပါ။ ရေဆေးသန့်စင်ပြီးတာနဲ့ ခြောက်သွေ့အောင် သုတ်ပါ။
  • လိင်အင်္ဂါ ဓာတ်မတည့်မှုကို ဖြစ်စေနိုင်တဲ့ သန့်စင်ဆေးရည်တွေ ၊ Feminine Hygiene Sprays ကဲ့သို့ ဓာတုပစ္စည်းတွေ အသုံးပြုခြင်းကို ရှောင်ကြဉ်ပါ။
  • အဝတ်လျှော်တဲ့အခါ အဝတ်လျှော်ဆပ်ပြာ ပမာဏ အလွန်အကျွံသုံးခြင်းမှ ရှောင်ကြဉ်ပါ။
  • ချစ်တင်းနှော ချိန်မှာ အသုံးပြုတဲ့ ချောဆီမှာ ပြဿနာရှိနေတယ်လို့ ခံစားရပါက အနံ့အရသာမပါတဲ့ ရေအခြေခံ ချောဆီအမျိုးအစားကို ပြောင်းလဲသုံးကြည့်ပါ။
  • လိင်အင်္ဂါ အမွှေးအမျှင်တွေကို အလွန်အကျွံ ရိတ်ခြင်း ၊ ဓားရှခြင်းများ မဖြစ်စေဖို့ အထူးသတိထားပါ။
  • လိင်အင်္ဂါအတွင်း ကျန်းမာတဲ့ ဘက်တီးရီးယားတွေကို ထိန်းသိမ်းထားနိုင်ဖို့ အာဟာရ မျှတတဲ့ အစားအစာတွေကို စားပါ။
  • အမျိုးသမီးတွေအနေနဲ့ လိင်အင်္ဂါယားယံမှု ဖြစ်နေချိန်မှာ ရနံ့ပါတဲ့ Tampons ဒါမှမဟုတ် Pads တွေကို အသုံးပြုခြင်းမှ ရှောင်ကြဉ်ပါ။
  • လိင်အင်္ဂါအရေပြား ဖြတ်တောက်ထားခြင်းမရှိတဲ့ အမျိုးသားတွေမှာဆိုရင် လိင်တံထိပ်ဖူး အရေပြား အောက်ရှိ ဧရိယာကိုပါ ကောင်းစွာဆေးကြော သန့်စင်ပေးပါ။
  • ချွေးထွက်များတဲ့ နေ့တွေမှာ အတွင်းခံ ဘောင်းဘီတွေကို ၁၆ နာရီအတွင်း နောက်တစ်ထည် ပြောင်းလဲ ဝတ်ဆင်ပေးပါ။

ဒီအချက်တွေကို လိုက်နာမယ်ဆိုရင် ကန့်သတ် ဧရိယာတဝိုက် ယားယံမှုပြဿနာကို လျှော့ချကာကွယ်နိုင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် လိင်အင်္ဂါ ယားယံမှု အခြေအနေဟာ သက်သာသွားခြင်းမရှိဘူး သို့မဟုတ် ပိုဆိုးလာတယ်ဆိုရင်တော့ နီးစပ်ရာ ကျန်းမာရေးစင်တာ သို့မဟုတ် ဆရာဝန်နဲ့ သွားရောက်စစ်ဆေးကုသမှု ခံယူဖို့ အကြံပြုချင်ပါတယ်။

Source : Cleveland Clinic

Featured Photo : Cottonique