အာဂျင်တီးနား လက်ရွေးစင်အသင်း ကတော့ ၂၀၂၆ ခုနှစ် တောင်အမေရိကန်ဇုန် ကမ္ဘာ့ဖလားခြေစစ်ပွဲတွေမှာ ပွဲထွက်ကစားမယ့် ကစားသမားစာရင်းကို ထုတ်ပြန်ကြေညာ လိုက်ပြီဖြစ်ပြီး အသင်းရဲ့လူစာရင်းမှာ အာဂျင်တီးနား အသင်းခေါင်းဆောင် GOAT ကြီး လီယွန်နယ် မက်ဆီလည်း ပါဝင်လာခဲ့ပါတယ်။

Lionel Messi

Photo : World Soccer Talk

GOAT ကြီး မက်ဆီဟာ လက်ရှိမှာ ဒဏ်ရာပြဿနာကြောင့် ကြံ့ခိုင်မှုအပြည့်အဝ ပြန်လည်ရရှိဖို့ ရုန်းကန်နေရပေမယ့်လည်း လာမယ့် စက်တင်ဘာလထဲမှာ ဗင်နီဇွဲလား ၊ အီကွေဒေါအသင်းတွေနဲ့ ယှဉ်ပြိုင်ကစားသွားရမယ့် ကမ္ဘာ့ဖလား ခြေစစ်ပွဲတွေအတွက် အာဂျင်တီးနား လက်ရွေးစင်အသင်းရဲ့ ၃၁ ယောက် ပါဝင်တဲ့ ကစားသမား အစုအဖွဲ့စာရင်းမှာ မက်ဆီကို ထည့်သွင်းခဲ့တာ ဖြစ်ပါတယ်။

ခြေစစ်ပွဲ လက်ကျန် ၂ ပွဲသာ ကျန်ရှိတော့တဲ့ အာဂျင်တီးနား လက်ရွေးစင်အသင်းရဲ့ လက်ရှိ လူစာရင်းမှာတော့ အသင်းခေါင်းဆောင် မက်ဆီနဲ့အတူ အာဂျင်တီးနား လူငယ်ကြယ်ပွင့် အများအပြားကို ရွေးချယ်ထည့်သွင်းထားပြီး မန်စီးတီး တိုက်စစ်မှူး ကလော်ဒီယို အီချီဗာရီ ၊ ပေါ်တိုကွင်းလယ်လူ အလန်ဗာရီလာ ၊ ရီးရဲလ်မက်ဒရစ် တိုက်စစ်ကစားသမား ဖရန်ကို မာစတန်တူအိုနို တို့လည်း ပါဝင်ပါတယ်။

လက်ရွေးစင်အသင်းနည်းပြ လီယွန်နယ် စကာလိုနီကတော့ ဘရာဇီးကလပ် ပါလ်မီရက်စ် တိုက်စစ်မှူး ဟိုဆေး မန်နူရယ် လိုပက်ဇ်ကိုလည်း ပထမဆုံးအကြိမ်အဖြစ် အာဂျင်တီးနားအသင်းမှာ ထည့်သွင်းလာခဲ့ပါတယ်။ အာဂျင်တီးနားအသင်းဟာ လာမယ့် စက်တင်ဘာ ၄ ရက်နေ့ မိုနူမန်တယ် အားကစားကွင်းမှာ ဗင်နီဇွဲလားနဲ့ ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး ၅ ရက်အကြာတော့ အီကွေဒေါအသင်းနဲ့ ဆက်လက် ယှဉ်ပြိုင်ကစားသွားရမှာ ဖြစ်ပါတယ်။

Lionel Messi
Photo : Goal.com

ခြေစစ်ပွဲ အောင်မြင်ထားပြီဖြစ်တဲ့ အာဂျင်တီးနားအသင်းက လက်ရှိ ကမ္ဘာ့ဖလား ခြေစစ်ပွဲအုပ်စုမှာ ရမှတ် ၃၅ မှတ်နဲ့ အုပ်စုဗိုလ်စွဲထားသလို ဒုတိယနေရာက အီကွေဒေါအသင်းကို ၁၀ မှတ်ဖြတ်ထားပြီး ဘရာဇီးအသင်းကတော့ တတိယနေရာမှာ အသီးသီး ရပ်တည်နေပါတယ်။

Source : Sportstar – The Hindu

Featured Photo : Olympics.com