လူတော်တော်များများ သိချင်ကြတဲ့ မေးခွန်းတစ်ခုက ကိုယ့်ကိုယ်ကိုယ် ပျော်ရွှင်အောင် ဘယ်လိုထားရမလဲ ဆိုတာပါပဲ။ ပျော်ရွှင်မှုရဖို့ဆိုတာ တကယ်တော့ ထင်သလောက်မလွယ်ကူပါဘူး။ လူတိုင်းဟာ အမြဲတမ်း ပျော်ရွှင်နေဖို့ ခက်ခဲပါတယ်။ နေ့စဉ်နဲ့အမျှ မတူညီတဲ့ အခက်အခဲတွေ ၊ ဖိအားမျိုးစုံကို ရင်ဆိုင်ဖြတ်သန်းနေကြရပြီး လူတစ်ယောက်ချင်းစီမှာ ပင်ပန်းမှုတွေ ကိုယ်စီနဲ့ပါ။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် ပျော်ရွှင်အောင်ထားဖို့ ကိုယ်တိုင်ပဲ ကြိုးစားရမှာ ဖြစ်ပါတယ်။ ဒီတစ်ခေါက်တော့ ကျွန်တော်တို့ လူသားအားလုံး ကိုယ့်ကိုယ်ကိုယ် ပျော်အောင်ထား တက်စေဖို့ ရိုးရှင်းတဲ့ ဘဝနေနည်း လမ်းညွှန်ချက် အချို့ကိုပြောပြပေးချင်ပါတယ်။
(၁) များများပြုံးပါ
Photo : Pexels
ကိုယ့်ကိုယ်ကိုယ် ပျော်အောင်ထားနိုင်ဖို့ တစ်နေ့တာမှာ လုံးဝမမေ့သင့်တဲ့ အရာကတော့ ပြုံးရယ်ဖို့ပါပဲ။ အပြုံးဟာ အပြုသဘောဆောင်တဲ့ သက်ရောက်မှုကို ဖြစ်စေပြီး ကိုယ်တိုင်ပျော်ရွှင်ရစေရုံသာမက အနီးပတ်ဝန်းကျင်က လူတွေကိုလည်း ပျော်ရွှင်မှု ကူးစက်စေပါတယ်။ ပြုံးရယ်ခြင်းဟာ သင့်စိတ်ခံစားချက်ကို မြှင့်တင်ပေးတဲ့ ဓာတုတုံ့ပြန်မှုကို လှုံ့ဆော်ပေးပြီး ခုခံအားစနစ်ကို မြှင့်တင်ပေးကာ စိတ်ဖိစီးမှုတွေကို သက်သာစေဖို့ ကူညီပေးပါတယ်။ ဒါကြောင့် ခက်ခဲတဲ့ တစ်နေ့တာကို ဖြတ်သန်းနေရပါစေဦးတော့ ပြုံးရယ်ဖို့ကိုတော့ လုံးဝမမေ့ထားသင့်ပါဘူး။
(၂) စိတ်ခံစားမှုတွေကို သုံးသပ်ပါ
Photo : Pixabay
ကိုယ့်ကိုယ်ကိုယ် ပျော်ရွှင်အောင်ထားဖို့ဆို အဓိက စိတ်ထားတက်ဖို့က အရေးကြီးဆုံးပါပဲ။ စိတ်ထဲမှာ ဘာတွေဖြစ်နေလဲ ၊ ဘာတွေခံစားနေရလဲဆိုတာကို အပြန်ပြန်အလှန်လှန် လေ့လာသုံးသပ်ပြီး အသိလွှတ်မသွားဖို့ ကိုယ့်ကိုယ်ကိုယ်သတိပေး ရပါမယ်။ ဘဝမှာ အချို့ လက်ခံသင့်တဲ့ အရာတွေကို လက်ခံလိုက်ပါ။ လွှတ်ချသင့်တာတွေကိုလည်း လွှတ်ချရဲပါစေ။ ခံစားချက်တွေဆိုတာ ဝင်လာပြီးရင် ပြန်ထွက်သွားတက်ပါတယ်။ ဒါကို အတင်းအကြပ် ဆုပ်ကိုင်ပြီး ကိုယ့်ကိုယ်ကိုယ်ဖိအားပေးနေမယ် ဆိုရင်တော့ စိတ်ဆင်းရဲတာကလွဲရင် ဘာမှမရနိုင်ပါဘူး။
(၃) အတိတ်က ရုန်းထွက်ပါ
Photo : Landmark Recovery
ကျွန်တော်တို့ အများစုက အတိတ်မှာပဲ ပိတ်မိနေတက် ကြပါတယ်။ အတိတ်မှာ ရှိခဲ့တဲ့အမှားတွေ ၊ ဆုံးရှုံးမှုတွေအတွက် သတိရရင်ရသလို ကိုယ့်ကိုယ်ကိုယ် အပြစ်တင်တက် ကြပါတယ်။ ကိုယ့်ကိုယ်ကိုယ် ပျော်ရွှင်အောင် ထားနိုင်ဖို့ဆိုရင် အတိတ်ကနေရုန်းထွက်ပြီး လက်ရှိအခြေအနေမှာ အကောင်းဆုံး ရှင်သန်နေထိုင်တက်ဖို့ပဲ လိုပါတယ်။ အမှားတွေရှိခဲ့ရင် ကိုယ့်ကိုယ်ကိုယ်ခွင့်လွှတ်နိုင်ဖို့ ကြိုးစားပါ။ လက်ရှိမှာ အလားတူ နောက်ထပ်အမှားတွေ မလုပ်မိဖို့ သတိတရားနဲ့ ယှဉ်ပြီး နေထိုင်ခြင်းက အကောင်းဆုံး ဘဝနေနည်းတစ်ခု ဖြစ်စေမှာပါ။
(၄) မျှော်လင့်ချက် နည်းနည်းပဲထားပါ
Photo : HerWay.net
တစ်စုံတစ်ခုအပေါ် လိုတာထက်ပိုပြီး မျှော်လင့်ချက်တွေ အရမ်းထားနေမိပြီဆိုရင်တော့ သေချာပါတယ် သင်ဟာ ပျော်ရွှင်မှုတွေ တစထက်တစ ပျောက်ဆုံးလာရတော့မှာပါ။ မျှော်လင့်ချက်ကြီးကြီးထားပြီး လက်တွေမှာ ကိုယ်မျှော်လင့်ထားသလို ဖြစ်မလာတဲ့အခါ နှစ်ဆပိုပြီး ပင်ပန်းဆင်းရဲမှုတွေကို ခံစားရနိုင်ပါတယ်။ ဒါကြောင့် ဘယ်အရာပဲဖြစ်ဖြစ် မျှော်လင့်ချက်ထားမိတဲ့အခါ သတိနဲ့ယှဉ်ပြီး အလွန်အကျွံ မဖြစ်မိစေဖို့ ကိုယ့်ကိုယ်ကိုယ် သတိပေးပါ။
Featured Photo : Rover.com