ကိုယ်နေဟန်ထားဟာ လူတစ်ယောက်ရဲ့ အသွင်အပြင် ပုံပန်းသဏ္ဌာန်အပေါ် များစွာ သက်ရောက်မှု ရှိစေပါတယ်။ ကိုယ်နေဟန်ထား ပုံစံမကျရင် စမတ်ကျကျနဲ့ ကြည့်ကောင်းတဲ့ လူတစ်ယောက် မဖြစ်နိုင်ပါဘူး။ ပိုဆိုးတာက ခန္ဓာကိုယ် ကိုယ်နေဟန်ထား မညီမျှခြင်းဟာ ရုပ်ပိုင်း/စိတ်ပိုင်း ကျန်းမာရေးအပေါ်မှာပါ ဆိုးကျိုးတွေများစွာ သက်ရောက်စေတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဒီတစ်ခေါက်မှာတော့ ကိုယ်နေဟန်ထား မှန်ကန်စေဖို့ လိုက်နာရမယ့် ဆောင်ရန်ရှောင်ရန် အလေ့အကျင့် တချို့ ကို မျှဝေပေးချင်ပါတယ်။

(၁) ခါးကုန်းပြီး မထိုင်ပါနဲ့

Photo : Bright Plus

ထိုင်တဲ့အခါမှာ ခါးကို ကုန်းကုန်းကြီး ထိုင်တာဟာ ကွီးတို့ရဲ့ ကိုယ်နေဟန်ထား ကို များစွာယို့ယွင်းလာစေပါတယ်။ ခါးကုန်းထိုင်မယ်ဆိုရင် ကျောရိုးအပေါ် ဖိအားတိုးစေပြီး ကျောရိုးကိုဖြောင့်မတ်အောင် ထိန်းထားဖို့ လိုအပ်တဲ့ အရိုး၊ ကြွက်သားတွေနဲ့ အဆစ်တွေအပေါ် တင်းမာမှုကို ဖြစ်စေပါတယ်။ ဒီလိုအခြေအနေဟာ ခါးနာခြင်း ၊ နောက်ကျောနာကျင်ခြင်းတွေကို ဖြစ်စေတဲ့အပြင် ကိုယ်တွင်းအင်္ဂါတွေဖြစ်တဲ့ အူလမ်းကြောင်းနဲ့ အဆုတ်ရဲ့ လုပ်ဆောင်ချက်တွေကိုပါ ပိုမိုခက်ခဲစေပါတယ်။ အချိန်ကြာလာတာနဲ့အမျှ အစာခြေဖျက်ဖို့ခက်ခဲစေခြင်း သို့မဟုတ် အသက်ရှူတဲ့အခါ လေအလုံအလောက် မရရှိခြင်းတွေ ဖြစ်လာစေနိုင်ပါတယ်။

(၂) မတ်မတ်ရပ်ပါ

Photo : Adorama

ကိုယ်နေဟန်ထား ယို့ယွင်းခြင်းကို ကာကွယ်ဖို့ အကောင်းဆုံးနည်းလမ်းတစ်ခုကတော့ မတ်တပ်ရပ်တဲ့အခါ သို့မဟုတ် လမ်းလျှောက်တဲ့အခါတွေမှာ ခန္ဓာကိုယ်ကို မတ်မတ်ရပ်ထားဖို့ပါပဲ။ ခန္ဓာကိုယ်ကို မတ်မတ်ရပ်တဲ့ အလေ့အထဟာ ကွီးတို့ရဲ့ ပုံပန်းအသွင်အပြင်ကို ပိုမိုကြည့်ကောင်းစေပြီး စမတ်ကျတဲ့ လူတစ်ယောက်အဖြစ် ပြောင်းလဲပေးနိုင်ပါတယ်။ ကွီးတို့ အနေနဲ့ မှန်ရှေ့မှာ ဒါမှမဟုတ် နံရံကို မှီပြီး ခါး ၊ ပခုံး ၊ နောက်ကျောနဲ့ လည်ပင်းတွေကို ဖြောင့်ဖြောင်းတန်းတန်းထားကာ မတ်မတ်ရပ်တဲ့ ပုံစံအတိုင်း လေ့ကျင့်ယူနိုင်ပါတယ်။

(၃) ခေါင်းငုံ့ပြီး ဖုန်းသုံးခြင်းကို ရှောင်ပါ

Photo : Unsplash

ဆိုရှယ်မီဒီယာတွေ သုံးတဲ့အခါ ဖြစ်ဖြစ် ၊ ဂိမ်းဆော့တဲ့အချိန်တွေမှာ ဖြစ်ဖြစ် ခေါင်းကို‌အောက် ငုံ့ပြီး ဖုန်းအသုံးပြုတာမျိုး ကျွန်တော်တို့ အများစု လုပ်မိတက်ကြပါတယ်။ ဒီလို ခေါင်းငုံ့ထားတဲ့ အနေအထားဟာ ကွီးတို့ရဲ့ လည်ပင်းနဲ့ ကျောရိုးကို ပြင်းပြင်းထန်ထန် ထိခိုက်စေနိုင်ပါတယ်။ အကောင်းဆုံးကတော့ ဖုန်းသုံးတဲ့အခါ ခေါင်းကိုမငုံ့ပဲ ဖုန်းကိုမျက်လုံးနဲ့ တစ်တန်းတည်းဖြစ်အောင် အနည်းငယ်မြှောက်ပြီး သုံးသင့်ပါတယ်။

(၄) ကားမောင်းတဲ့အခါ ခန္ဓာကိုယ်ကို အောက်ကိုလျှောပြီး မထိုင်ပါနဲ့

Photo : iStock

ကားမောင်းတဲ့အခါ ခန္ဓာကိုယ်ကို သက်တောင့်သက်သာ အနေအထားဖြစ်အောင် ပြုပြင်ပြီး မောင်းကြပါတယ်။ တစ်ခုသတိထားရမှာက ကွီးတို့ရဲ့ ခန္ဓာကိုယ်ကို အောက်အရမ်းလျှောပြီး မထိုင်မိစေဖို့ပါပဲ။ ဒီလိုပုံစံနဲ့ အချိန်ကြာကြာ ကားမောင်းမယ်ဆိုရင် ကွီးတို့ရဲ့ ကိုယ်ဟန်နေထား အတွက် အဆင်မပြေဖြစ်စေနိုင်ပြီး ကျောရိုးနဲ့ ကြွက်သားနာကျင်မှုတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ ဒါကြောင့် ကားမောင်းတဲ့အခါ ခါးကို မတ်မတ်ထိုင်ပေးပါ။ ကွီးတို့ရဲ့ ကိုယ်နေဟန်ထားကို အထောက်အကူဖြစ်စေဖို့ ခါးနောက်မှာ ခေါင်းအုံးအသေးတစ်လုံး သို့မဟုတ် လိပ်ထားတဲ့ အဝတ်အစ တစ်ခုထားပြီး ထိုင်နိုင်ပါတယ်။

(၅) ကိုယ်လက်လှုပ်ရှားမှု ပုံမှန်ပြုလုပ်ပေးပါ

Photo : NASM Blog

ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းတွေ ပုံမှန်ပြုလုပ်ပေးတာက အရိုးအဆစ်နဲ့ ကြွက်သားတွေကို သန်မာစေပြီး ကိုယ်နေဟန်ထားကို ဟန်ချက်ညီစေဖို့ ကူညီပေးပါတယ်။ အကောင်းဆုံးကတော့ ကိုယ်နေဟန်ထား ကို ပြုပြင်ပေးရုံမက ကိုယ်ရောစိတ်ပါ ကျန်းမာစေမယ့် ယောဂ လေ့ကျင့်ခန်းတွေ ပြုလုပ်နိုင်ပါတယ်။ ယောဂလေ့ကျင့်ခန်းတွေဟာ ခန္ဓာကိုယ်ကို ပုံစံမှန်မှန်နဲ့ ဟန်ချက်ညီစေပြီး ကိုယ်တွင်းအင်္ဂါတွေရဲ့ လုပ်ဆောင်ချက်ကို ပိုမိုကောင်းမွန်စေဖို့ အထောက်အပံ့ ပေးပါတယ်။

Featured Photo : EyeEm