အသားအရေက ယားယံလွန်းပြီး တစ်ချိန်လုံး ကုတ် ဖဲ့ရလွန်းလို့ ဘူ နေပါသလား။ အသားအရေ ယားယံတဲ့အခါ အရေပြားပေါ်မှာ အနီကွက်တွေ ထတာမျိုး၊ အင်ပျဥ်တွေ ထတာမျိုးတွေ တွေ့ရတတ်ပါတယ်။ ဒါပေမဲ့ တစ်ခါတစ်ရံမှာကျတော့ ဘာအနီကွက်မှ မပေါ်ဘဲနဲ့ အရေပြားချည်းပဲ ယားယံတာမျိုးတွေ ဖြစ်တတ်ပါတယ်။

ခြင်ကိုက်ခြင်း၊ အရေပြား ဓာတ်မတည့်ခြင်းတွေက အဖြစ်များပေမယ့် အခြားသော အရေပြား ယားယံစေတတ်တဲ့ အကြောင်းအရင်းများစွာရှိတတ်ပါတယ်။

ကွီးတို့က အရေပြား ယားယံရတဲ့ အကြောင်းအရင်းများကို ရှာတွေ့မှသာလျှင် အရေပြား ယားယံခြင်းကို သက်သာစေမယ့် နည်းလမ်းမှန်ကို ရှာတွေ့မှာဖြစ်ပါတယ်။ ဒါ့ကြောင့် တစ်ချိန်လုံး ကုတ် ရ ဖဲ့ရ ရှုပ်သဗျနဲ့ ဘူ နေတဲ့ ကွီးတို့ အတွက်တော့ ဒီဆောင်းပါးလေးက အထောက်အကူဖြစ်စေပါလိမ့်မယ်။

(၁) အသားအရေ ခြောက်လွန်းလို့

အသားအရေ ခြောက်လွန်းလို့

တစ်နေ့တစ်ခါ ရေမှန်မှန်ချိုးရဲ့သားနဲ့ ဘာဖြစ်လို့ အသားအရေက တစ်ချိန်လုံး ယားယံနေသလဲဆိုပြီး အကြောင်းအရင်း ရှာမရဖြစ်နေပါသလား။​ ဒါဆိုရင်တော့ ကွီးတို့ရဲ့ အသားအရေကို ပြန်လည် ဆန်းစစ်ကြည့်ဖို့ လိုအပ်နေပါပြီ။ ကွီးတို့ရဲ့ အသားအရေက ခြောက်သွေ့လွန်းတဲ့အခါ အရေပြားလည်း အလွန်အကျွံ ယားယံတတ်ပါတယ်။

ဒီလိုမျိုး အသားအရေ ခြောက်လို့ ယားယံတတ်တယ်ဆိုရင်တော့ အသားအရေကို အစိုဓာတ် ပြန်လည်ဖြည့်တင်းပေးဖို့ လိုအပ်ပါတယ်။ ရေချိုးပြီးတိုင်းမှာ ခန္ဓာကိုယ်ကို ဘော်ဒီလိုးရှင်း လူးပေးတာမျိုး၊ အစိုဓာတ် ထိန်းခရင်မ် လိမ်းကျံပေးတာမျိုး ပြုလုပ်သင့်ပါတယ်။ ဒါတောင်မှ အသားအရေက ခြောက်သွေ့နေတုန်းဆိုရင်တော့ အရေပြားဆရာဝန်နဲ့ သေချာကုသမှု ခံယူသင့်ပါတယ်။

(၂) ပိုးကောင်ကိုက်ခံရလို့

ကုတ် ဘူ

ခြင်ကိုက်ခံရပြီးနောက်မှာ ခြင်ကိုက်ခံလိုက်ရတယ်ဆိုတာကို ချက်ချင်း သိပါတယ်။ ပြီးတော့ ယားယံခြင်းကလည်း ခဏကြာတာနဲ့ ပျောက်သွားတတ်ပါတယ်။ ဒါပေမဲ့ အင်းစက်ပိုးကောင်တစ်ကောင်ကောင်က ကွီးတို့ရဲ့ ခန္ဓာကိုယ်ပေါ်မှာ (သို့) ဆံကေသာ ဦးရေပြားမှာ တွယ်ကယ်နေတဲ့အခါ (သို့) အိမ်ရာခင်းပေါ်မှာ ကပ်ငြိနေတတ်တဲ့ ကြမ်းပိုးတွေက ကွီးတို့ရဲ့ ခန္ဓာကိုယ်ပေါ်မှာ တစ်ညလုံး သွားလာပြီး သွေးများကို စုပ်ယူမယ်ဆိုရင်တော့ ထိုယားယံမှုက မထိန်းချုပ်နိုင်အောင် ယားယံနေမှာဖြစ်ပြီး ယားယံမှုကလည်း ကြာရှည်တတ်ပါတယ်။

ပိုးကောင်၊ မွှားကောင်တွေ ရန်မှ ကာကွယ်ဖို့အတွက်ဆိုရင်တော့ ကွီးတို့ရဲ့ အိပ်ခန်း ပတ်ဝန်းကျင်ကို သန့်ရှင်းရေး သေချာပြုလုပ်ပြီး ပိုးကောင်များကို နှိမ်နင်းပစ်ရပါမယ်။ ကြမ်းပိုးတွေဆိုရင် မစားမသောက်ဘဲနဲ့ တစ်နှစ်ကျော်ကြာသည်အထိ အသက်ရှင်တတ်လို့ နိုင်နိုင်နင်းနင်း နှိမ်နင်းဖို့ လိုပါလိမ့်မယ်။

(၃) ခန္ဓာကိုယ်တွင်းထဲတွင် ရောဂါ တစ်ခုခု ခံစားနေရလို့

ကုတ် ဘူ

ကာလအတန်ကြာသည်အထိ ယားယံတတ်ခြင်းက ကွီးတို့ရဲ့ ခန္ဓာကိုယ်တွင်းထဲတွင် ရောဂါတစ်ခုခု ရှိနေလို့ပဲဖြစ်ပါတယ်။ သွေးရောဂါ၊ ဆီးချိုရောဂါ၊ ကျောက်ကပ်ရောဂါ၊ အသည်းရောဂါ၊ HIV နှင့် သိုင်းရွိုက်ဂလင်းရောဂါ အစရှိတဲ့ ရောဂါများကြောင့်လည်း အသားအရေက ယားယံတတ်ပါတယ်။

ကိုယ့်စိတ်ထဲမှာ သင်္ကာမကင်း ခံစားရလာပြီဆိုရင်တော့ ကိုယ့်ရဲ့ လူနေမှုဘဝ၊ နေ့စဥ် နေထိုင်မှု ပုံစံကို ပြန်လည် ဆန်းစစ်ကြည့်လိုက်ပါ။ ထို့နောက် ဆရာဝန်ထံ သွားပြပြီး ကုသမှု ခံယူလိုက်ပါ။ ဒါဆိုရင်တော့ ကုတ် ရ ဖဲ့ရနဲ့ ဘူ နေရတဲ့ ကိစ္စက ပျောက်သွားပါလိမ့်မယ်။

ကွီးတို့ရော ကုတ်ရဖဲ့ရနဲ့ စိတ်ညစ်နေရတာ များနေပြီလား။

Source: Aad.org

Featured Image: Freepik