ကော်ဖီကို အချစ်ထက် စွဲလန်းနေပြီး ကော်ဖီမသောက်ရ မနေနိုင်တဲ့ ကွီးတို့ ရှိပါသလား။ လူတော်တော်များများက ကော်ဖီကို ကြိုက်နှစ်သက်ကြပါတယ်။ ကော်ဖီမှာ ပါဝင်သော ကဖိန်းဓာတ်က နိုးကြားတတ်ကြွစေပြီး စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးနိုင်ပါတယ်။ ကော်ဖီကို နှစ်နှစ်ခြိုက်ခြိုက် ကြိုက်သူတွေထဲမှာ စာရေးသူလည်း အပါအဝင်ပါပဲ၊ သို့သော်လည်း ဘယ်အရာကို မဆို အလွန်အကျွံဆိုရင်  ဘေးထွက်ဆိုးကျိုးရှိနိုင်ပါတယ်။ ကော်ဖီကို ပမာဏများများ သောက်သုံးခြင်းက ကျန်းမာရေးအပေါ် သက်ရောက်မှုတွေ ရှိတယ်လို့ လေ့လာမှုများက ဖော်ပြထားပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ကော်ဖီမရှိလို့ မဖြစ်ဘူး ဆိုသူများအတွက် ကော်ဖီ အလွန်အကျွံ့သောက်သုံးရင် ဖြစ်လာနိုင်တဲ့ ဆိုးကျိုးတွေကို ‌ဝေမျှပေးချင်ပါတယ်။

စိုးရိမ်ပူပန်မှုကို ဖြစ်စေခြင်း

ကော်ဖီမရှိလို့ မဖြစ်ဘူး

Photo : Beach Recovery

ကဖိန်းဓာတ်က ပင်ပန်းနွမ်းနွယ်စေတဲ့ ဦးနှောက်ဓာတု ပစ္စည်းဖြစ်တဲ့ Adenosine ရဲ့ အာနိသင်ကို ပိတ်ဆို့ခြင်းကို လုပ်ဆောင်ပါတယ်။ ဒါ့ကြောင့် ကော်ဖီတစ်ခွက်လောက် သောက်ခြင်းက ကွီးတိုကို ပြန်လည် လန်းဆန်းတတ်ကြွစေါတယ်။ သို့သော်လည်း ပမာဏများများ သောက်မိလျှင် စိုးရိမ်ပူပန်မှုနဲ့ အာရုံကြောများအပေါ် သက်ရောက်နိုင်ပါတယ်။ ကော်ဖီကို တစ်နေ့လျှင် ၁၀၀၀ မီလီဂရမ် ဒါမှမဟုတ် ထို့ထက်ပိုပြီးသောက်သုံးခြင်းက စိုးရိမ်ပူပန်မှုကို ဖြစ်စေခြင်း၊ ရင်တုန်ခြင်း၊ တုန်လှုပ်ခြင်း စတာတွေကို ဖြစ်စေနိုင်ပါတယ်။

အိပ်ပျော်ဖို့ ခက်ခဲတတ်ခြင်း

ကော်ဖီမရှိလို့ မဖြစ်ဘူး

Photo : HuffPost UK

ဒါကတော့ သိသာထင်ရှားတဲ့ အချက်ပါပဲ။ ကဖိန်းဓာတ်က လူတွေကို နိုးကြားနေအောင် ကူညီပေးနိုင်စွမ်းက သူ့ရဲ့ တန်ဖိုးအရှိဆုံး အရည်အသွေးတွေထဲက တစ်ခုပါ။ ဒါကြောင့် လူတော်တော်များများ နေ့ခင်းဘက် အလုပ်ချိန်မှာ နိုးကြားနေစေဖို့ ကော်ဖီတစ်ခွကို သောက်သုံးလေ့ရှိပါတယ်။ သို့သော်လည်း ကော်ဖီကို အိပ်ရာဝင်ခါနီး သောက်မိတာပဲဖြစ်ဖြစ်၊ အလွန်အကျွံသောက်သုံး မိရင်ပဲဖြစ်ဖြစ် ညဘက်မှာ ကွီးတို့ကို အိပ်ပျော်ဖို့ ခက်ခဲစေပြီး အိပ်စက်မှုစက်ဝန်းကို ထိခိုက်စေပါတယ်။

အစာခြေဖျက်မှုဆိုင်ရာ ပြဿနာများ

Photo : Healthily

မနက်ခင်း ကော်ဖီတစ်ခွက်သောက်တာက ဝမ်းသွားအောင် ကူညီပေးတယ်လို့ လူတော်တော်များများက သိရှိထားကြပါတယ်။ ကော်ဖီက အူမကြီးအတွင်းရှိ လုပ်ဆောင်ချက်ကို အရှိန်မြှင့်ပေးသည့် Gastrin ဟုခေါ်သော ဟော်မုန်းတစ်မျိုးကို ထုတ်လွှတ်ရာတွင် ကူညီပေးတာကြောင့် ဖြစ်ပါတယ်။ သို့သော်လည်း ဒီလို အကျိုးသက်ရောက်မှုကြောင့် ကော်ဖီအလွန်အကျွံသောက်ခြင်းက အချို့လူများမှာ ဝမ်းသွားခြင်း၊ ဝမ်းလျှောခြင်းနဲ့ ဗိုက်အောင့်ခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။ ကော်ဖီသည် အစာခြေဖျက်မှု လုပ်ဆောင်မှုအပေါ် ကြီးမားသော သက်ရောက်မှုရှိနိုင်သောကြောင့် ပြဿနာတစ်ခုခု ကြုံတွေ့ရပါက ကွီးတို့ ကော်ဖီသောက်သည့် ပမာဏကို လျှော့ချရန် လိုအပ်ပါတယ်။

သွေးပေါင်ချိန် အတက်အကျကို သက်ရောက်စေနိုင်ပါတယ်

Photo : Baystate Health

တစ်နေ့ကို ကော်ဖီ အလွန်အကျွံသောက်တာက ကွီးတို့ရဲ့ သွေးပေါင်ချိန်ကိုလည်း ပြောင်းလဲစေနိုင်ပါတယ်။ ယေဘုယျအားဖြင့် ကဖိန်းဓာတ်သည် လူအများစုတွင် နှလုံးရောဂါ သို့မဟုတ် လေဖြတ်နိုင်ခြေကို တိုးမြင့်စေပုံမပေါ်ပါ။ သို့သော် အာရုံကြောစနစ်အပေါ် ၎င်းရဲ့ လှုံ့ဆော်မှုအကျိုးသက်ရောက်မှုကြောင့် သွေးပေါင်ချိန်တတ်နိုင်ကြောင်း လေ့လာမှုများအရ ဆိုထားပါတယ်။ မြင့်မားသောသွေးပေါင်ချိန်က သွေးကြောများကို ပျက်စီးစေကာ နှလုံးသို့ သွေးစီးဆင်းမှုကို ကန့်သတ်နိုင်ပြီး လေဖြတ်ခြင်းကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ကံကောင်းထောက်မစွာ၊ ကဖိန်းဓာတ်သည် သွေးပေါင်ချိန်အပေါ် သက်ရောက်မှု ယာယီဖြစ်ပုံရပါတယ်။ သို့သော်လည်း ကြိုတင်ကာကွယ်တဲ့အနေနဲ့ ကော်ဖီအလွန်အကျွံသောက်သုံးခြင်းကို သတိပြုပြီး ဆင်ခြင်ပါ။

ကော်ဖီမရှိလို့ မဖြစ်ဘူး ဆိုတဲ့ ကွီးတို့ရေ ဘယ်အရာကို မဆို အလွန်အကျွံဆိုရင် မ‌ကောင်းပါဘူး။ တန်ဆေး လွန်ဘေး ဆိုတဲ့အတိုင်း ကော်ဖီအလွန်အကျွံသောက်သုံးရင် ဒီလို ဆိုးကျိုးတွေ ဖြစ်လာနိုင်တာကြောင့် သတိပြုဆင်ခြင်နိုင်စေဖို့ ဝေမျှပေးလိုက်တာပဲ ဖြစ်ပါတယ်။

Source : Healthline, ETimes

Featured Photo : Eat This Not That