ကော်ဖီ ဟာ အာရုံစူးစိုက်မှုစွမ်းရည်ကိုချိန်ညှိပေးပြီး စွမ်းအင်အဆင့်ကိုမြှင့်တင်ပေးနိုင်တဲ့ လူကြိုက်များတဲ့ သောက်စရာတစ်ခု ဖြစ်ပါတယ်။ လူတော်တော်များများက သူတိုရဲ့နေ့စဉ်ဘဝကို ကော်ဖီနဲ့ စတင်လေ့ရှိကြပါတယ်။ ကော်ဖီ မှာ စိတ်ကိုလန်းဆန်းစေတဲ့ အာနိသင်တွေအပြင် တခြား ကျန်းမာရေး အကျိုးကျေးဇူးများစွာ ပေးစွမ်းနိုင်တဲ့ ဂုဏ်သတ္တိတွေလည်း ပါရှိပါတယ်။
(၁) စွမ်းအင်အဆင့်ကို မြှင့်တင်ပေးတယ်

Photo : Pexels
ကော်ဖီ မှာ ပင်ပန်းနွမ်းနယ်မှုကို တိုက်ဖျက်နိုင်စွမ်းရှိတဲ့စွမ်းအင် (ကဖိန်းဓာတ်) ပါဝင်တဲ့အတွက် ဗဟိုအာရုံ ကြောစနစ်ကို လှုံ့ဆော်ပေးနိုင်စွမ်းရှိပါတယ်။ လေ့လာမှုငယ်တစ်ခုအရ ကဖိန်းဓာတ်စားသုံးခြင်းက စက်ဘီးစီး လေ့ကျင့်ခန်းတစ်ခုအတွင်း ပင်ပန်းနွမ်းနယ်မှုကို ၁၂ % အထိလျော့ ကျစေပြီး ပါဝင်သူတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်မှုအဆင့်ကို သိသိသာသာ လျော့ကျစေတာ တွေ့ရပါတယ်။ တခြားလေ့လာမှု တစ်ခုမှာလည်း ကဖိန်းဓာတ်စားသုံးခြင်းက စွမ်းဆောင်ရည်ကို ပိုမိုကောင်းမွန်စေကာ စွမ်းအင်ပမာဏကို တိုးမြင့်လာစေပြီး ပင်ပန်းနွမ်းနယ်မှု ခံစားချက်တွေကို လျော့ကျစေကြောင်း တွေ့ရပါတယ်။
(၂) အမျိုးအစား ၂ ဆီးချို ဖြစ်နိုင်ခြေနည်းပါးတယ်
Photo : Healthline
ကော်ဖီကို ပုံမှန်သောက်သုံးခြင်းက ရေရှည်မှာ အမျိုးအစား ၂ ဆီးချိုရောဂါ ဖြစ်နိုင်ခြေလျော့နည်းခြင်းနဲ့ ဆက်စပ်နေတယ်လို့ သုတေသနတချို့က အကြံပြုထားပါတယ်။ လေ့လာမှု ၃၀ ခု ရဲ့သုံးသပ်ချက်အရ တစ်နေ့ကို ကော်ဖီတစ်ခွက် သောက်သုံးသူတွေဟာ အမျိုးအစား ၂ ဆီးချို ရောဂါဖြစ်နိုင်ခြေ ၆ % အထိလျော့နည်းမှုနဲ့ ဆက်စပ်နေတာ တွေ့ရှိခဲ့ပါတယ်။ ကော်ဖီ ဟာ ပန်ကရိယရှိ ဘီတာဆဲလ်တွေရဲ့ လုပ်ဆောင်ချက်ကို ထိန်းထားနိုင်ပြီး သွေးတွင်းသကြားဓာတ်ပမာဏကို ထိန်းညှိပေးတဲ့ အင်ဆူလင်ပမာဏကိုလည်း တိုးမြှင့်ပေးတာကြောင့် ဆီးချိုရောဂါ ဖြစ်နိုင်ခြေကို လျော့ချပေးနိုင်တာ ဖြစ်ပါတယ်။
(၃) ဦးနှောက်ကျန်းမာရေးကို အထောက်အကူပြုနိုင်တယ်

Photo : HelpGuide.org
လေ့လာမှုတွေအရ ရလဒ်အမျိုးမျိုးထွက်ပေမယ့် ကော်ဖီ က အယ်လ်ဇိုင်းမားရောဂါနဲ့ ပါကင်ဆန်ရောဂါ အပါအဝင် အာရုံကြောဆိုင်ရာချို့ယွင်းမှုတွေကို ကာကွယ်ပေးနိုင်တယ်လို့ သုတေသနအချို့က အကြံပြုထားပါတယ်။ လေ့လာမှု ၁၃ ခုရဲ့ သုံးသပ်ချက်အရ ကဖိန်းဓာတ်ကို ပုံမှန်သောက်သုံးသူတွေဟာ ပါကင်ဆန်ရောဂါ ဖြစ်ပွားနိုင်ခြေ သိသိသာသာ နည်းပါးကြောင်း သိရပါတယ်။ ဒါ့အပြင် ကော်ဖီကို အသင့်အတင့်သောက်သုံးသူတွေမှာ ပါကင်ဆန်ရောဂါဖြစ်ပွားမှုကို နှေးကွေးစေတာ တွေ့ရပါတယ်။
(၄) ကိုယ်အလေးချိန် ထိန်းညှိပေးနိုင်တယ်

Photo : Harvard Gazette – Harvard University
အချို့သော သုတေသနပြုချက်တွေအရ ကော်ဖီ ဟာ အဆီသိုလှောင်မှုကို ပြောင်းလဲစေပြီး အစာအိမ် ကျန်းမာရေးကို ထောက်ပံ့ပေးနိုင်ကာ ဒီနှစ်မျိုးစလုံးက ကိုယ်အလေးချိန်ထိန်းခြင်းအတွက် အကျိုးရှိတယ်လို့ ဆိုပါတယ်။ ဥပမာအားဖြင့် လေ့လာမှု ၁၂ ခုရဲ့ ပြန်လည်သုံးသပ်ချက်တစ်ခုမှာ ကော်ဖီသောက်သုံးမှုက အထူးသဖြင့် အမျိုးသားတွေမှာ ခန္ဓာကိုယ်အဆီ လျော့နည်းသွားတာနဲ့ပတ်သတ်ပြီးတော့ ဆက်စပ်မှုရှိနိုင်ကြောင်း ကောက်ချက်ချခဲ့ပါတယ်။ တခြားလေ့လာမှုတစ်ခုမှာတော့ အမျိုးသမီးတွေ ကော်ဖီသောက်တာက ခန္ဓာကိုယ်အဆီလျော့နည်းတာနဲ့ ဆက်စပ်မှုရှိနေတာ တွေ့ရပါတယ်။
(၅) စိတ်ကျရောဂါ ဖြစ်နိုင်ခြေ နည်းပါးခြင်းနဲ့ ဆက်စပ်နေတယ်

Photo : Freerange Stock
ကော်ဖီ သောက်ခြင်းက စိတ်ကျရောဂါဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ကြောင်း လေ့လာမှုအချို့က တွေ့ရှိခဲ့ပါတယ်။ လေ့လာမှု ၇ ခုရဲ့ သုံးသပ်ချက်အရမှာဆိုရင် တစ်နေ့ကို ကော်ဖီတစ်ခွက်စီသောက်သုံးသူတွေဟာ စိတ်ကျရောဂါဖြစ်နိုင်ခြေ ၈ % အထိ လျော့နည်းစေတယ်လို့ ဆိုပါတယ်။ တစ်နေ့ကို အနည်းဆုံးကော်ဖီ ၄ ခွက် ထက်မနည်းသောက်တာက တစ်နေ့ကို ၁ ခွက်ပဲသောက်တာနဲ့ ယှဉ်ရင် စိတ်ကျရောဂါဖြစ်နိုင်ခြေကို သိသိသာသာ လျော့ကျစေတယ်လို့ လေ့လာမှုတစ်ခုက တွေ့ရှိခဲ့ပါတယ်။ ဒါ့အပြင် လူပေါင်း ၂၀၀၀,၀၀၀ ကျော်ရဲ့ လေ့လာမှုတစ်ခုအရ ကော်ဖီသောက်ခြင်းက မိမိကိုယ်ကို သတ်သေနိုင်ခြေနည်းပါးကြောင်း သက်သေပြခဲ့ပါတယ်။
Featured Photo : Pexels
