ဒီနေ့ခေတ်မှာ စကင်ကဲခြင်းကို အမျိုးသမီးတွေသာမက အမျိုးသားများလည်း လိုက်လံ ပြုလုပ်လာကြပြီပဲဖြစ်ပါတယ်။ တချို့ကွီးတွေဆိုရင် စကင်ကဲပိုင်းနဲ့ ပတ်သက်လာရင် အမျိုးသမီးတွေထက်တောင် နှံ့နှံ့စပ်စပ် ကျွမ်းကျင်ကြပါတယ်။ စကင်ကဲလို့ရတဲ့ နည်းလမ်းတွေ အများအပြားရှိတဲ့အနက် ကော်ဖီ နဲ့ စကင်ကဲ ခြင်းကြောင့် ရရှိမယ့် အကျိုးကျေးဇူးများက အများအပြားပါပဲ။
ကွီးတို့ ပင်ပန်းနွမ်းနယ်နေတဲ့အချိန်မှာ ရွှင်လန်းတက်ကြွသွားအောင်လို့ ကော်ဖီ သောက်သုံးလေ့ ရှိကြတယ် ဟုတ်။ ဒါဆိုရင်တော့ ကာဖိန်းဓာတ် ပါဝင်တဲ့ ကော်ဖီက ခန္ဓာကိုယ်ကို နိုးကြား တက်ကြွလာအောင် ဘယ်လိုလုပ်ဆောင်ပေးသလဲဆိုတာကို သိပြီးလောက်ပြီလို့ ထင်ပါတယ်။
ဒီလိုမျိုး ကာဖိန်းဓာတ် ပါဝင်တဲ့ ကော်ဖီကို အသားအရေအတွက် အသုံးပြုခြင်းအားဖြင့် ညိုညစ်မွဲခြောက်နေတဲ့ အသားအရေက ပြန်လည် စိုပြေ ဝင်းပလာပါလိမ့်မယ်။ ဒါ့အပြင် မျက်ဝန်းအောက်နားတစ်ဝိုက် လိမ်းကျံပေးပါက မျက်ကွင်းညိုခြင်း၊ မျက်အိတ်ဖောင်းခြင်းတို့က ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် သွေးလှည့်ပတ်မှုကိုလည်း ကောင်းမွန်စေတဲ့အပြင် ကော်ဖီရဲ့ အနံ့ကြောင့် စိတ်အစုံ ရွှင်လန်း တက်ကြွလာပါလိမ့်မယ်။
ကွီးတို့အနေနဲ့ ဘာ့ကြောင့် ကော်ဖီနဲ့ စကင်ကဲ သင့်သလဲ
ကော်ဖီနဲ့ စကင်ကဲ သင့်တဲ့ အကြောင်းအရင်း (၆) ချက် ရှိပါတယ်။
(၁) သွေးလှည့်ပတ်မှုကို ကောင်းမွန်စေခြင်း
(၂) အသားအရေကို တင်းရင်းစေခြင်း
(၃) မျက်ကွင်းညိုခြင်းမှ ကာကွယ်ပေးခြင်း
(၄) ဆဲလ်သေများ ဖယ်ရှားပေးခြင်း
(၅) မျက်အိတ်ဖောင်းခြင်းမှ ကာကွယ်ပေးခြင်း
(၆) အသားအရေ ညိုညစ် မွဲခြောက်ခြင်းမှ ကာကွယ်ပေးခြင်း အစရှိတဲ့ အကျိုးကျေးဇူးများကို ခံစားရရှိစေပါတယ်။
သဘာဝ ကော်ဖီနဲ့ စကင်ကဲချင်သူများအတွက် အကုန်အကျသက်သာစေမယ့် နည်းလမ်း
ကော်ဖီ Scrub တွေကို အပြင်မှာ ဝယ်ရင် ဈေးကြီးပါတယ်။ အပြင်မှာ ဝယ်မယ့်အစား ကိုယ့်ဘာသာ အိမ်မှာ ပြုလုပ်ရင် အကုန်အကျလည်း သက်သာပြီး သဘာဝ Scrub စစ်စစ်ကို ရရှိနိုင်ပါတယ်။
လိုအပ်မယ့် ပစ္စည်းများကတော့ ပန်းကန်လုံး အသေးတစ်လုံး၊ ကော်ဖီ အကြမ်းမှုန့် စားပွဲတင်ဇွန်း ၈ ဇွန်း၊ သကြားဖြူ အကြမ်း စားပွဲတင်ဇွန်း ၈ ဇွန်း၊ ဇွန်း၊ အုန်းဆီ စားပွဲတင်ဇွန်း ၄ ဇွန်းနှင့် ဖန်ပုလင်း တစ်လုံးတို့ လိုအပ်ပါလိမ့်မယ်။
ပြုလုပ်နည်း အဆင့်ဆင့်
အရင်ဦးဆုံး ကော်ဖီနှင့် သကြားကို ပန်းကန်လုံးထဲ ထည့်ပြီး သမအောင် မွှေပေးလိုက်ပါ။ ထို့နောက် အုန်းဆီထည့်ကာ သမအောင် ထပ်မွှေပေးလိုက်ပါ။ ထို့နောက် ဖန်ပုလင်းထဲတွင် လေလုံအောင် ပိတ်ထားလိုက်ပါ။ ထို့နောက် အေးပြီး မှောင်တဲ့နေရာ နေရောင်ခြည်နဲ့ တိုက်ရိုက် မထိတွေ့တဲ့နေရာမျိုးမှာ သိမ်းထားပေးလိုက်ပါ။
ဒါဆိုရင်တော့ ကွီးတို့ ရေချိုးတဲ့အချိန်မှာ ကော်ဖီနဲ့ စကင်ကဲလို့ရပြီပဲဖြစ်ပါတယ်။
ကော်ဖီနဲ့ စကင်ကဲပြီးတဲ့အခါ ဘာတွေ ထူးခြားသွားသလဲဆိုတာကိုလည်း ပြန်လည် ဝေမျှပေးဖို့ မမေ့ပါနဲ့။
Source: Willowandsage
Featured Image: Freepik