ကွီးတို့ရေ ကျန်းမာခြင်း ဟာ လာဒ်ကြီးတစ်ပါးလို့ ဆိုတဲ့ အတိုင်း ကျန်းမာမှ စိတ်ချမ်းသာပါမယ်၊ ကျန်းမာမှ အလုပ်လုပ်နိုင်မှာဖြစ်ပြီး ကွီးတို့လိုချင်တဲ့ ဘဝ အောင်မြင်မှု ပန်းတိုင်ဆီ အရောက်တက်လှမ်းနိုင်မှာပါ။ လူတစ်ယောက် ကျန်းမာ ပျော်ရွှင်ဖို့ ဆိုရင် နေ့စဉ် ပြုမူလုပ်ဆောင်နေတဲ့ အလေ့အကျင့်တွေ၊ အပြုအမူတွေပေါ်မှာ အများကြီး မူတည်ပါတယ်။ ကွီးတို့အနေနဲ့ ကောင်းမွန်တဲ့ အလေ့အကျင့်ကောင်းတွေကို နေ့စဉ်ပုံမှန် လိုက်နာကျင့်သုံးသွားမယ်ဆိုရင် ကျန်းမာတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်နိုင်မှာပါ။ ဒီဆောင်းပါးလေးမှာတော့ ကွီးတို့အတွက် ပျော်ရွှင်ပြီး ကျန်းမာသန်စွမ်းတဲ့ ဘဝ ကို ပိုင်ဆိုင်နိုင်ဖို့ ပြုမူလိုက်နာ သင့်တဲ့ အလေ့အကျင့်ကောင်းတွေကို ဖော်ပြပေးချင်ပါတယ်။
မနက်စာ ပုံမှန်စားပါ
Photo : Eat This, Not That
မနက်စာ စားခြင်းက ခန္ဓာကိုယ်ကျန်းမာရေးအတွက် အမှန်တကယ်ပင် အရေးကြီးပါတယ်။ ကွီးတို့ရောမနက်စာ ပုံမှန်စားဖြစ်ကြပါသလား။ အလုပ်ရှုပ်နေလို့ဖြစ်စေ၊ မနက်မထဖြစ်လို့ဖြစ်စေ မနက်စာ လွတ်နေတဲ့ ကွီးတို့ရှိပါသလား။ မနက်စာစားခြင်းဟာ တစ်နေ့တာမှာ ခန္ဓာကိုယ်ကို လှုပ်ရှားရုန်းကန်နိုင်စေဖို့ အရေးကြီးတဲ့ ယန္တရား တစ်ခု အနေနဲ့ ပါဝင်ပါတယ်။ ကွီးတို့ မနက်စာ မစားဖြစ်တာ တစ်ရက်တစ်လေ ဆို ကိစ္စမရှိပေမဲ့ နေ့စဉ်ဖြစ်လာပြီ ဆိုရင်တော့ ပြဿနာရှိ လာနိုင်ပါတယ်။ မနက်စာမစားခြင်းကြောင့် နောက်ဆက်တွဲ အနေနဲ့ ကိုယ်အလေးချိန်တတ်တာ၊ ခေါင်းတစ်ခြမ်းကိုက်တာ၊ ဇီဝကမ္မဖြစ်စဉ်ကို ထိခိုက်စေတာ အစရှိတဲ့ ကျန်းမာရေး ပြဿနာများ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ကွီးတို့အနေနဲ့ ကျန်းမာသန်စွမ်းတဲ့ ဘဝ ကို ရယူချင်ရင် မနက်စာ ပုံမှန်စားဖို့ မမေ့ပါနဲ့။
ရေများများသောက်ပါ
Photo : Men’s Health
ကွီးတို့ရေ ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ကို ရေဓာတ် ၈၀ ရာခိုင်နှုန်းဖြင့် ဖွဲ့စည်းထားတယ်ဆို သိရှိပြီးသား ဖြစ်မှာပါ။ လူသားများရဲ့ ခန္ဓာကိုယ်ရှိ အင်္ဂါအစိတ်အပိုင်းများ၊ ဆဲလ်များနှင့် တစ်ရှူးအားလုံးတို့ကို ကောင်းမွန်စွာလည်ပတ်စေရန် ရေဓာတ်ကို အသုံးပြုသောကြောင့် နေ့စဉ်ရေကို လုံလောက်စွာသောက်သုံးရန်မှာ အမှန်တကယ်ပင် အရေးကြီးပါတယ်။ အကြံပြုချက်များအရ လူတစ်ယောက်အတွက် တစ်နေ့လျှင် ရေခြောက်ခွက် ကနေ ရှစ်ခွက် အထိ သောက်သုံးဖို့ ဆိုထားပါတယ်။ ရေသာက်နည်းလျှင် သို့မဟုတ် ရေကိုလုံလောက်စွာ မသောက်လျှင် ခေါင်းကိုက်တာ၊ ဝမ်းချုပ်တာ၊ ပင်ပန်းနွမ်းနယ်တာ၊ အသားအရေ ခမ်းခြောက်တာမျိုးတွေ ဖြစ်နိုင်ပါတယ်။
လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ
Photo : Runner World
ကွီးတို့ရေ ကျန်းမာသန်စွမ်းတဲ့ ဘဝ ကို ပိုင်ဆိုင်ဖို့ဆိုရင် လေ့ကျင့်ခန်း လုပ်ခြင်းကလည်း ပုံမှန် ပြုလုပ်သင့်တဲ့ အလေ့အကျင့်ကောင်း တစ်ခုပါပဲ။ ယနေ့ခေတ် လူအဖွဲ့အစည်းပုံစံ အရ စားပွဲမှ အကြာကြီး ထိုင်ပြီး အလုပ်လုပ်ရတာ၊ Screen Time များတာ စတာတွေကြောင့် လှုပ်ရှားမှု မရှိဘဲ ခန္ဓာကိုယ်အတွက် နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာများ ဖြစ်လာနိုင်ပါတယ်။ တစ်နေ့မှာ အနည်းဆုံး ၁၅ မိနစ်မှ မိနစ် ၃၀ ခန့် ကွီးတို့နဲ့ ကိုက်ညီမဲ့ ကိုယ်လက်လေ့ကျင့်ခန်း တစ်ခုခုကို ပြုလုပ်ပေးပါ။
အသစ် အသစ်သော အရာများကို လေ့လာပါ
Photo : Rosetta Stone Blog
ကျွမ်းကျင်မှု အသစ်များကို လေ့လာသင်ယူခြင်းက ကွီးတို့ရဲ့ ဦးနှောက်ကို ကျန်းမာစေပါတယ်။ ခန္ဓာကိုယ်ကို အသုံးပြုရတဲ့ အကနည်းများကို ဖြစ်စေ၊ ဦးနှောက်ကို အသုံးချရတဲ့ တီထွင်ဖန်တီးမှုဆိုင်ရာ သို့မဟုတ် ဘာသာစကား တစ်ခုခုကို ဖြစ်စေ လေ့လာသင်ယူလို့ရပါတယ်။ ဒီလို ရုပ်ပိုင်းဆိုင်ရာ ဖြစ်စေ၊ စိတ်ပိုင်းဆိုင်ရာကို ဖြစ်စေ အသုံးချရသော အလုပ်များက အိုမင်းခြင်း လက္ခဏာများကို နှေးကွေးစေပြီး အယ်လ်ဇိုင်းမားရောဂါ ဖြစ်ပွားနိုင်မှုကိုလည်း လျှော့ချပြီးသား ဖြစ်စေပါတယ်။
စိတ်ဖိစီးမှုတွေကို လျှော့ချပါ
Photo : The Manual
လူတိုင်း လူတိုင်းမှာ နေ့စဉ်နဲ့ အမျှ စိတ်ဖိစီးမှုတွေ အနည်းနဲ့ အများကြုံတွေ့နေရပါတယ်။ လူတစ်ယောက်နဲ့ တစ်ယောက် တွေ့ရတဲ့အခြေအနေနဲ့ ပတ်ဝန်းကျင်ပေါ်မူတည်ပြီး စိတ်ဖိစီးမှု ပြင်းထန်တာနဲ့ လျော့ပါးတာသာ ကွာခြားမှုရှိပါတယ်။ စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှုတွေက ရေရှည်ဖြစ်လာပြီဆိုရင်တော့ ကွီးတို့ စိတ်ပိုင်းဆိုင်ရာသာမက ရုပ်ပိုင်းဆိုင်ရာပါထိခိုက်မှုတွေ ရှိလာနိုင်ပြီး ကျန်းမာသန်စွမ်းတဲ့ ဘဝ ကို ရယူဖို့ အနှောင့်အယှက် ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှုကို လျှော့ချနိုင်ဖို့ ယောဂကျင့်ခြင်း ၊ တရားထိုင်ခြင်း စသည်တို့ကို ပြုလုပ်ပေးပါ။ လေ့လာမှုတစ်ခုအရ ၈ ပတ်ကြာ ပုံမှန် တရားထိုင်ခြင်းသည် စိတ်ခံစားမှု၊ သင်ယူမှုနှင့် မှတ်ဉာဏ်တို့နှင့် သက်ဆိုင်သော ဦးနှောက်ရဲ့ အစိတ်အပိုင်းများကို ပြောင်းလဲစေနိုင်ကြောင်း တွေ့ခဲ့တယ်လို့ ဆိုပါတယ်။
ဘဘာဝ တရားနဲ့ ထိတွေ့ပါ
Photo :Dr. Sahni Homoeopathy
ကွီးတို့ရေ သဘာဝတရားနဲ့ ထိတွေ့ခြင်းကလည်း လူတို့အတွက် စိတ်ရော ကိုယ်ပါ အကျိုးပြုစေတဲ့ အလေ့အကျင့်ကောင်းပါပဲ။ ဥပမာအားဖြင့် နေရောင်ခြည်ခံပါ။ နေရောင်ခြည်ကို မိနစ်အနည်းငယ်လောက်ခံခြင်းက ဗီတာမင် D ပမာဏကို မြင့်တက်စေပြီး ဒါဟာ အရိုး၊ နှလုံးနဲ့ စိတ်ခံစားချက်ကို ကောင်းမွန်စေပါတယ်။ ထို့အပြင် အပြင်ထွက်ပြီး သဘာဝတရားကို ထိတွေ့ခြင်းက တီဗီ သို့မဟုတ် ကွန်ပျူတာရှေ့မှာ ရှိနေခြင်းထက် ကွီးတို့ရဲ့ ခန္ဓာကိုယ်ကို လှုပ်ရှားပြီးသားလည်း ဖြစ်စေပါတယ်။
ကွီးတို့ရေ လာမဲ့ နှစ်သစ်မှာ ပျော်ရွှင်ပြီး ကျန်းမာသန်စွမ်းတဲ့ ဘဝ ကို ရယူပိုင်ဆိုင်နိုင်ဖို့ အခုပဲ ဒီအလေ့အကျင့်ကောင်းတွေကို လိုက်နာကျင့်သုံးလိုက်ပါ။
Source : Web MD
Featured Photo : G.cz