Body Art ကို ချစ်မြတ်နိုးကြသူတွေကြားမှာ မာန်ဟုန်ပြင်းတဲ့ ကျားရဲတစ်ကောင်ရဲ့ တက်တူး ဒီဇိုင်းတွေက အရမ်းကို ရေပန်းစားပါတယ်။ ကျားပုံ တက်တူးတွေကို ရှေးယခင် စုတ်နဲ့ရေးထိုး ထိုးကွင်းမှင်ကြောင်ခေတ် ကတည်းက ရိုးရာတက်တူး ဒီဇိုင်းတစ်ခုအနေနဲ့ ယောကျာ်းသား အများအပြား ရေးထိုးခဲ့ကြတာ ဖြစ်ပါတယ်။ ကျားရဲပုံ တက်တူးဒီဇိုင်းတွေဟာ လွတ်လပ်မှု ၊ အမှီအခိုကင်းမှု ၊ ခွန်အားနဲ့ စွမ်းအားတွေကို ကိုယ်စားပြုတဲ့ အဓိပ္ပာယ်သက်ရောက်မှုတွေ ရှိပါတယ်။ ဒီတစ်ခါမှာတော့ ယောကျာ်းပီသမှုအပြည့်နဲ့ မာန်ဟုန်ပြင်းတဲ့ ကျားပုံ တက်တူး ရေးထိုးချင်တဲ့ ကွီးတို့ နမူနာယူနိုင်မယ့် အမိုက်စား တက်တူးဒီဇိုင်းတချို့ကို မျှဝေပေးချင်ပါတယ်။

(၁) အမေရိကန်ရိုးရာ ကျားပုံတက်တူးဒီဇိုင်း

ကျားပုံ တက်တူး

Photo : The Trend Spotter

အမေရိကန်ရိုးရာ ကျားပုံတက်တူးဒီဇိုင်းကတော့ ထူထဲတဲ့ ဆေးသားလိုင်းတွေ ၊ ရဲရင့်တောင်ပတဲ့ အရောင်တွေနဲ့ ပေါင်းစပ်ရေးထိုးရတဲ့ ဆွဲဆောင်မှုအရှိဆုံး တက်တူးဒီဇိုင်းတစ်ခု ဖြစ်ပါတယ်။ အနီရောင်၊ အစိမ်း ၊ အဝါ နဲ့ အပြာရောင်တွေက ရဲရင့်မှုနဲ့ ပုံကန်တက်တဲ့ သဘောကိုရည်ညွှန်းပါတယ်။ နှင်းဆီပန်းပွင့် ၊ သဘာဝတရားကြီးရဲ့ အလှတရားတွေနဲ့ ပေါင်းစပ်ပြီးလည်း အမိုက်စား ကျားပုံ တက်တူးဒီဇိုင်းတစ်ခုအနေနဲ့ ပုံဖော်ရေးထိုးလို့ ရပါတယ်။

(၂) ကျားပေါက် တက်တူးဒီဇိုင်း

Photo : The Trend Spotter

Baby Tiger လို့ခေါ်တဲ့ ကျားပေါက် တက်တူးဒီဇိုင်းကတော့ အပြစ်ကင်းစင်ခြင်းနဲ့ ချစ်ခြင်းမေတ္တာကို ကိုယ်စားပြုပါတယ်။ ငယ်ရွယ်နုပျိုမှုရဲ့ အရေးပါမှုကို ဖော်ညွှန်းတယ်လို့လည်း အဓိပ္ပာယ်မှတ်ယူလို့ရပါတယ်။ ဘဝရဲ့ အချစ်ဆုံးရသူတွေနဲ့ ကိုယ်ကြားက နှောင်ကြိုးကို ရည်ညွှန်းဖော်ပြရာမှာလည်း သုံးနိုင်တာကြောင့် သားသားမီးမီးလေးတွေမွေးထားတဲ့ ဖခင်ကွီးတို့အတွက် အကောင်းဆုံးရွေးချယ်စရာ တက်တူးဒီဇိုင်းတစ်ခု ဖြစ်ပါတယ်။

(၃) အပြာရောင် ကျားပုံ တက်တူးဒီဇိုင်း

Photo : The Trend Spotter

အပြာရောင် ကျားပုံ တက်တူးဒီဇိုင်းတွေကတော့ သာမန်နဲ့မတူ တမူထူးခြားတဲ့ တက်တူးဒီဇိုင်းတွေကိုမှ ကြိုက်နှစ်သက်တဲ့ ကွီးတို့ ရေးထိုးအကောင်းဆုံး တက်တူးဒီဇိုင်း တစ်ခုပါ။ အပြာရောင်က အေးချမ်းမှုနဲ့ ငြိမ်းချမ်းခြင်းကို ကိုယ်စားပြုပြီး ထူးထူးခြားခြားနဲ့ ဆွဲဆောင်မှုရှိတဲ့ တက်တူးဒီဇိုင်းတစ်ခု ဖြစ်ပါတယ်။

(၄) တရုတ်ရိုးရာ ကျားပုံတက်တူး ဒီဇိုင်း

Photo : The Trend Spotter

တရုတ်ရိုးရာ ယဉ်ကျေးမှုအရ ကျားပုံဟာ ကံကောင်းခြင်းရဲ့ လာဘ်ကောင် ဖြစ်ပါတယ်။ စွမ်းအား ၊ ခွန်အား တို့နဲ့လည်း ဆက်စပ်နေပြီး မီးနဲ့ အကြောက်တရားကို ကိုယ်စားပြုပါတယ်။ တရုတ်ရိုးရာ ကျားပုံ တက်တူးတွေက အရောင်အသွေး စုံလင်ပြီး ပန်းချီဆန်တဲ့ အသွင်အပြင်ကြောင့် စိတ်ဝင်စားစရာကောင်းပြီး တစ်မျိုးလေး ဆွဲဆောင်မှုရှိစေပါတယ်။

(၅) ဂျပန်ရိုးရာ ကျားပုံတက်တူး ဒီဇိုင်း


Photo : The Trend Spotter

ကျားပုံတက်တူးတွေနဲ့ ပတ်သတ်ရင် ဂျပန်စတိုင် ရိုးရာတက်တူး ဒီဇိုင်းတွေကလည်း နာမည်ကြီးပါတယ်။ ဂျပန်ရဲ့အကျော်ကြားဆုံး ဂိုဏ်းစတားတွေနဲ့ ပတ်သတ်ဆက်နွယ်တဲ့ အမဲစက်တွေ ရှိခဲ့ပေမယ့် စွဲမက်အရောင်တွေရဲ့ ပေါင်းစပ်မှုနဲ့ ထူးခြားတဲ့ တက်တူးဒီဇိုင်း တစ်ခုဆိုတာတော့ ငြင်းလို့မရနိုင်ပါဘူး။ စုံလင်လှတဲ့ အရောင်တွေ ၊ ရှိတ်တွေ ၊ ပန်းပွင့်တွေနဲ့ ပေါင်းစပ်မှုက ဂျပန်စတိုင် ကျားပုံတက်တူးဒီဇိုင်းကို ပိုမိုပြီးပြည့်စုံ သွားစေပြီး အသက်ရှည်ခြင်း ၊ ခွန်အားနဲ့ ရဲစွမ်းသတ္တိတို့ကို ကိုယ်စားပြုတဲ့ တက်တူးဒီဇိုင်းတစ်ခုပဲ ဖြစ်ပါတယ်။

Featured Photo : The Trend Spotter