အမျိုးသားတွေရဲ့ ဖွားဖက်တော် ဟာ ဘဝသက်တမ်း တစ်လျှောက် သဘာဝအရ ပြောင်းလဲမှု အမျိုးမျိုး ဖြစ်ပေါ်လေ့ ရှိပါတယ်။ ပြောင်းလဲမှု အဆင့်တစ်ခုစီတိုင်းက ကျားဟော်မုန်း တက်စတိုစရုန်း (Testosterone) ပမဏနဲ့ တိုက်ရိုက်သက်ဆိုင်နေတာပါ။ အမျိုးသားတစ်ယောက်ဟာ အသက် ၉ နှစ်ကနေ ၁၅ နှစ်အတွင်း Pituitary ဂလင်းကနေ ခန္ဓာကိုယ်အတွင်း ကျားဟော်မုန်း တက်စတိုစရုန်း (Testosterone) ကို စတင်ထုတ်လုပ်ဖို့ ညွှန်းကြားချက် ပေးပို့ပါတယ်။

Penis Change

Photo : Superdrug Online Doctor

ဒါကြောင့် လူပျိုဖော်ဝင်စ အရွယ်မှာ ခန္ဓာကိုယ်ရဲ့ အပြောင်းအလဲများစွာကို စတင်တွေ့ရှိရတာ ဖြစ်ပါတယ်။ ဥပမာ အားဖြင့် ဝှေးစေ့နဲ့ ကပ်ပယ်အိတ်အရွယ်အစား ပိုကြီးလာတာ ၊ လိင်တံ ဖွံ့ဖြိုးကြီးထွးလာတာ ၊ ဆီးခုံနဲ့ လိင်အင်္ဂါတဝိုက်မှာ အမွေးအမျှင်တွေ စတင်ထွက်ပေါ်လာတာ စတဲ့ အချက်တွေ ကြုံတွေ့ရတာ ဖြစ်ပါတယ်။

ဆယ်ကျော်သက် အနှောင်းပိုင်းအရွယ်ကနေ အသက် ၂၀ အစောပိုင်း ကာလတွေမှာတော့ ကျားဟော်မုန်း တက်စတိုစရုန်း (Testosterone) ပမာဏဟာ အမြင့်ဆုံး ဖြစ်ပါတယ်။ အသက် ၂၀ ကို ကျော်လွန်ပြီး ၂၀ နှစ်အနှောင်းပိုင်းကနေ အသက် ၄၀ နှစ်တွေအတွင်းမှာတော့ ကျားဟော်မုန်း တက်စတိုစရုန်း (Testosterone) ပမာဏဟာ အနည်းငယ်ကျဆင်းလာတက်ပြီး ပြောင်းလဲမှု အနည်းငယ် ကြုံတွေ့ရနိုင်ပါတယ်။

အသက် ၄၀ နှစ် နောက်ပိုင်းအရွယ်မှာတော့ ကျားဟော်မုန်း တက်စတိုစရုန်း (Testosterone) ပမာဏဟာ သိသိသာသာကို ကျဆင်းသွားတက်ပါတယ်။ အဆိုပါ အသက်အရွယ်မှာ ခန္ဓာကိုယ်ကနေ လိင်မှုဟော်မုန်း Binding Globulin (SHBG) လို့ ခေါ်တဲ့ ပရိုတင်းဓာတ်တစ်မျိုးကို တဖြည်းဖြည်းချင် စတင်ထုတ်လုပ်လာပါတယ်။ ၎င်း ပရိုတင်းဓာတ်က သွေးထဲက တက်စတိုစရုန်း (Testosterone) ပမာဏကို စုပ်ယူပြီး
ခန္ဓာကိုယ်အတွက် အသုံးပြုနိုင်တဲ့ ကျားဟော်မုန်း ပမာဏကို လျော့ကျစေတဲ့အတွက် တက်စတိုစရုန်း (Testosterone) ပမဏဟာ ကျဆင်းလာတာ ဖြစ်ပါတယ်။

Penis Change

Photo : MEL Magazine

ခန္ဓာကိုယ်မှာ တက်စတိုစရုန်း (Testosterone) ကျဆင်းလာတာနဲ့အမျှ ဖွားဖက်တော် ကျန်းမာသန်စွမ်းမှုနဲ့အတူ လိင်မှုဘဝအပေါ်မှာ အခြားသော ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာစေမှာပဲ ဖြစ်ပါတယ်။

ဆီးခုံအမွှေးအမျှင် – တက်စတိုစရုန်း (Testosterone) ကျဆင်းလာပြီဆိုရင် လိင်အင်္ဂါနဲ့ ဆီးခုံတဝိုက်မှာ ရှိတဲ့ အမွှေးအမျှင်တွေဟာ ပါးလွှာပြီး မီးခိုးရောင် ခပ်သမ်းသမ်းဘက်ကို အရောင်ပြောင်းသွားနိုင်ပါတယ်။

ဖွားဖက်တော် အရွယ်အစား – လိင်တံအရွယ်အစားမှာလည်း ပြောင်းလဲမှု ဖြစ်ပေါ်နိုင်ပါတယ်။ တကယ်တော့ ရှိရင်းစွဲ လိင်တံရဲ့ ဆိုဒ်အရွယ်အစားဟာ သေးသွားတာတော့ မဟုတ်ပါဘူး။ လိင်တံရဲ့အထက် ဆီးခုံအရိုးပေါ်မှာ အဆီပိုတွေ ရှိနေတယ်ဆိုရင် အဲဒီနေရာက အဆီတွေကို လျော့နည်းသွားစေတဲ့အတွက် လိင်တံဟာ ပိုသေးငယ်သွားတယ်လို့ ထင်ရနိုင်တာ ဖြစ်ပါတယ်။

ဖွားဖက်တော် ပုံသဏ္ဍာန် – အချို့ အမျိုးသားတွေမှာ အသက်အရွယ် အရ လိင်တံရဲ့ ပုံသဏ္ဍာန် အနည်းငယ် အပြောင်းအလဲ ရှိနိုင်ပါတယ်။ တနည်းအားဖြင့် လိင်တံဟာ ပုံမှန်မဟုတ်ပဲ ဘယ်ဘက် သို့မဟုတ် ညာဘက် ၊ အပေါ်ဘက် သို့မဟုတ် အောက်ဘက်ကို ကွေးညွှတ်တိမ်းစောင်း လာတာမျိုးပါ။ လိင်တံ ပုံသဏ္ဍာန်ပြောင်းလဲမှု အခြေအနေဟာ လိင်မှုဘဝအပေါ် ဆိုးကျိုးများစွာသက်ရောက်စေနိုင်ပြီး လိင်တံ ထောင်မတ်နိုင်စွမ်း ကျဆင်းတာ ၊ လိင်မှုဆိုင်ရာ လှုပ်ရှားမှုတွေ လုပ်တဲ့အခါ အဆင်မပြေဖြစ်လာတာ ၊ ချစ်တင်းနှော ချိန်မှာ နာကျင်တာတွေ ကြုံရနိုင်ပါတယ်။

ဝှေးစေ့ အရွယ်အစား – တက်စတိုစရုန်း (Testosterone) ပမာဏ ကျဆင်းလာတာနဲ့အမျှ ကပ်ပယ်အိတ်အတွင်း သုတ်ပိုး ထုတ်လုပ်မှု နှေးကွေးလာပြီး ဝှေးစေ့ အရွယ်အစားဟာ ယခင်ထက် ပိုကျုံ့သွားနိုင်ပါတယ်။ Pituitary ဂလင်းဟာ တက်စတိုစရုန်း (Testosterone) ထုတ်လုပ်ဖို့အတွက် ဝှေးစေ့တွေဆီသို့ အချက်ပြမှု ပေးပို့ခြင်းကို ဟန့်တားလိုက်တဲ့အတွက် ဝှေးစေ့အရွယ်အစားဟာ ပိုကျုံ့သွားတာ ဖြစ်ပါတယ်။

ကပ်ပယ်အိတ် ပုံသဏ္ဍာန် – ကပ်ပယ်အိတ်တွေမှာရှိတဲ့ ကြွက်သားတွေဟာ ခန္ဓာကိုယ်အပူချိန်ပေါ်မူတည်ပြီး ကျုံ့ခြင်း/ဆန့်ခြင်း လုပ်ငန်းစဉ်ကို လုပ်ဆောင်ပေးပါတယ်။ သင့်တင့်မျှတတဲ့ ခန္ဓာကိုယ်အပူချိန်ဟာ သုတ်ပိုးထုတ်လုပ်ဖို့ အကောင်းဆုံး ဖြစ်တာကြောင့် ပြင်ပအပူချိန် လျော့ကျနေရင် ဝှေးစေ့မှာ အပူချိန်တိုးစေဖို့ ကြွက်သားတွေကို ကျုံ့ပြီး ခန္ဓာကိုယ်နဲ့ နီးနီးကပ်ကပ် ရှိစေပါတယ်။ ပြင်ပအပူချိန် တိုးမြင့်နေရင်တော့ ဝှေးစေ့မှာ အပူချိန်လျှော့ချဖို့အတွက် ခန္ဓာကိုယ်နဲ့ဝေးရာသို့ ဝှေးစေ့ကြွက်သားတွေကို ဆန့်ထုတ်ပေးတာပါ။ အသက်အရွယ် ကြီးရင့်လာမှုနဲ့အတူ ကျားဟော်မုန်း အတက်အကျ သိသိသာသာ ဖြစ်ပေါ်လာတာနဲ့အမျှ ကြွက်သားတွေရဲ့ ကျုံ့နိုင်ဆန့်နိုင်မှုဟာ ကျဆင်းပြီး ကပ်ပယ်အိတ် အရေပြား လျော့တွဲလာနိုင်ပါတယ်။

ဒါတွေကတော့ တက်စတိုစရုန်း (Testosterone) ကျဆင်းလာမှုနဲ့အတူ ဖွားဖက်တော်မှာ ဖြစ်ပေါ်ကြုံတွေ့လာရနိုင်တဲ့ ပြောင်းလဲမှုတွေအကြောင်းပဲ ဖြစ်ပါတယ်။

Source : Web MD

Featured Photo : NZ Herald