ကြင်စဦး ဇနီးမောင်နှံများ အနေနဲ့ လက်ထပ်ပြီးစအချိန်သည် ကြည်နူးစရာအကောင်းဆုံး အချိန်ပဲဖြစ်ပါတယ်။ ယောက္ခမများနှင့် အတူတူ နေထိုင်ရခြင်းသည်လည်း အစပိုင်းမှာ အလိုလိုက် အကြိုက်ဆောင်ကာ နေနိုင်ပေမယ့် နောက်ပိုင်းမှာတော့ တဖြည်းဖြည်းနဲ့ နေထိုင်ရတာ အဆင်မပြေ ဖြစ်လာပါလိမ့်မယ်။ ဒါ့ကြောင့် ကြင်စဦး ဇနီးမောင်နှံများအနေနဲ့ လက်ထပ်ပြီးစအချိန်ကတည်းက တစ်သီးတစ်သန့် အိမ်ခွဲ နေသင့်တာဖြစ်ပါတယ်။
သင့်အနေနဲ့ ငွေကုန်ကြေးကျ သက်သာချင်တဲ့အတွက်ကြောင့် အိမ်ခွဲ မနေဖြစ်ပေမယ့် ရေရှည်မှာတော့ ပိုက်ဆံများများ ပိုကုန်တာကို တွေ့မြင်ရပါလိမ့်မယ်။
အခုဆက်လက်ဖော်ပြပေးမယ့် အချက်များကတော့ ကြင်စဦး မောင်နှံများအနေနဲ့ လက်ထပ်ပြီးနောက်မှာ ဘာ့ကြောင့် အိမ်ခွဲ နေသင့်သလဲဆိုတာ အကြောင်းအရင်းများပဲ ဖြစ်ပါတယ်။
ကိုယ်ရေးကိုယ်တာ စွက်ဖက်မှုများကြောင့်

ဇနီးမောင်နှံတိုင်းသည် သူတို့နှစ်ယောက်သားအတွက် ကိုယ်ပိုင်အချိန်ဆိုတာ လိုအပ်ပါတယ်။ အထူးသဖြင့် လက်ထပ်ပြီးခါစ ဟန်းနီးမွန်းအချိန်ဆိုရင် ပိုလို့တောင် လိုအပ်ပါတယ်။ ဒါပေမဲ့ သင့်ရဲ့ ယောက္ခမတွေက သင်တို့နှစ်ယောက်ကြားမှာ အမြဲတမ်း ဝင်ရောက်နေမယ်ဆိုရင်တော့ သင်တို့ နှစ်ဦးသားအတွက် ချစ်ကြည်နူးစရာအချိန်များကို ပိုင်ဆိုင်နိုင်မှာ မဟုတ်တော့ပါဘူး။ ဒါ့အပြင် သင်သည် သူတို့အိမ်မှာ နေနေတာဖြစ်တဲ့အတွက်ကြောင့် သင့်အနေနဲ့ ဘယ်လိုနေချင်တယ် ဘယ်လိုမနေချင်ဘူး စသည်ဖြင့် ပြောဆိုရတာလည်း အဆင်ပြေမှာမဟုတ်ပါဘူး။ ဒီလိုနဲ့ သင်တို့နှစ်ယောက်ရဲ့ ကိုယ်ရေးကိုယ်တာများကိုလည်း တဖြည်းဖြည်း ဝင်ရောက်စွက်ဖက်လာမှာပဲ ဖြစ်ပါတယ်။
တဖြည်းဖြည်းနဲ့ အမြင်ပြောင်းလာမှာမို့လို့

လက်ထပ်ပြီးစအချိန်မှာတော့ သင့်ကို လိမ္မာတဲ့သားမက်လေးဆိုပြီး ချီးကျူးချင် ချီးကျူးနေပေမယ့် တဖြည်းဖြည်းနဲ့ သင့်ဘက်က ဖြည့်ဆည်းပေးနေကျအတိုင်း မဖြည့်ဆည်းပေးတော့တဲ့အခါ သင့်အပေါ် အပြစ်မြင်လာပါလိမ့်မယ်။ ယောက္ခမအိမ်ပေါ် တက်နေရတဲ့ ချွေးမတွေဆိုရင်လည်း အိမ်ထောင့်တာဝန် မကျေပွန်တဲ့အခါ ငပျင်းမလို့ သမုတ်ပါလိမ့်မယ်။ ဒါ့ကြောင့် အကောင်းဆုံးကတော့ ဘယ်မိဘအိမ်မှာမှ မနေတာ အကောင်းဆုံးပါပဲ။ ဖြစ်နိုင်မယ်ဆိုရင် အိမ်သပ်သပ် ခွဲနေပါ။ အိမ်အသစ်တစ်လုံး မဝယ်နိုင်ရင်တောင်မှ တိုက်ခန်း ငှားနေပါ။ လုံလောက်တဲ့ ပိုက်ဆံများ စုဆောင်းပြီးမှ လက်ထပ်ဖို့ ပြင်ဆင်ပါ။
သူတို့ရဲ့ ပုံစံခွက်ထဲ သင့်ကို ပုံသွင်းမှာမို့လို့

Photo: Familyeducation
မိဘတိုင်းသည် သူတို့ရဲ့ သားသမီးကို မတူညီတဲ့ ထိန်းကျောင်းမှု ပုံစံများနှင့် သွန်သင်ဆုံးမကြတာ ဖြစ်ပါတယ်။ သင့်ရဲ့ အိမ်သူသက်ထားသည် သူ့မိဘရဲ့ ပုံစံခွက်ထဲမှာ အသားကျနေပြီဖြစ်ပေမယ့် သင်ကတော့ သူ့မိဘရဲ့ ပုံစံခွက်ထဲမှာ ဝင်ဆံ့နိုင်မှာမဟုတ်ပါဘူး။ ကြင်စဦး မောင်နှံများအနေနဲ့ အိမ်ခွဲ မနေတဲ့အခါမှာ ယောက္ခမတွေက သူတို့ရဲ့ ပုံစံခွက်ထဲမှာ ဝင်အောင်လို့ အတင်းပုံသွင်းတော့မှာဖြစ်ပါတယ်။ သင့်အနေနဲ့ ရေရှည်မှာ ဒီလိုဒဏ်တွေကို ခံနိုင်ရည်ရှိပါ့မလား။
သားသမီး ထိန်းကျောင်းမှုပုံစံ မတူညီနိုင်လို့

စောစောက ပြောခဲ့သလိုပဲ မိဘတိုင်းမှာ မတူညီတဲ့ ထိန်းကျောင်းမှု ပုံစံများနှင့် သူတို့ သားသမီးကို ဆုံးမကြတာပါ။ ရှေးယခင်တုန်းက သားသမီးကို ရိုက်နှက်ဆုံးမခြင်းသည် အသုံးများပြီး ယနေ့ခေတ်မှာတော့ သားသမီးများကို ထိုနည်းဖြင့် ဆုံးမခြင်းသည် အချည်းနှီးသာဖြစ်တယ်လို့ ခံယူချက်များ ပြောင်းလဲလာကြပါပြီ။ သင် သားသမီးရလာတဲ့အခါမှာလည်း ကိုယ့်ရဲ့ သွန်သင်ဆုံးမမှုအတိုင်း သွန်သင်ဆုံးမချင်မှာပါ။ သူ့ရဲ့ အဘိုး အဘွားတွေက သင့်ရဲ့ သားသမီးအပေါ် ထိန်းကျောင်းမှုပုံစံမှာ ဝင်ရောက်စွက်ဖက်လာခဲ့ရင်လည်း စိတ်ညစ်ရမှာ ဖြစ်တာကြောင့် အစကတည်းက အိမ်ခွဲနေတာ အကောင်းဆုံးပါပဲ။
Source: Newlywedsurvival
Featured Image: Psychologytoday
