ချစ်တင်းနှောတဲ့အခါ ကြိုတင်မျှော်လင့်မထားတဲ့ ကိုယ်ဝန် ရနိုင်ခြေကို ကာကွယ်ဖို့ ကွန်ဒုံးအသုံးပြု ရပါတယ်။ ကွန်ဒုံးဟာ ကိုယ်ဝန်ရနိုင်ခြေကို တားဆီးဖို့ အထိရောက်ဆုံး နည်းလမ်းတွေထဲက တစ်ခုဖြစ်ပေမယ့် ရာနှုန်းပြည့် အကာအကွယ် ပေးနိုင်တာတော့ မဟုတ်ပါဘူး။ ကွန်ဒုံး အသုံးပြုနေရင်းတောင် မတော်တဆ ကိုယ်ဝန်ရသွားနိုင်ခြေ ရှိပါတယ်။ ဒီတစ်ခေါက်မှာတော့ ကွန်ဒုံး သုံးနေရင်း မတော်တဆ ကိုယ်ဝန်ရသွားတာမျိုး မဖြစ်စေဖို့ ရှောင်ရမယ့် အမှားတွေကို ပြောပြပေးပါမယ်။
(၁) ကွန်ဒုံး မသုံးမီ လိင်အင်္ဂါချင်း ထိတွေ့မှု မရှိစေနဲ့
Photo : Better2Know
ကွန်ဒုံး ဝတ်ဆင်ပြီး ထိုးသွင်းဆက်ဆံမှု မလုပ်ခင်မှာ လိင်တံနဲ့ မိန်းမကိုယ် အချင်းချင်း ထိတွေ့ဆက်စပ်မှု မရှိစေဖို့ သေချာရပါမယ်။ သုတ်မလွှတ်ခင်မှာ လိင်တံကနေ အကြိုထွက်ရှိတဲ့ သုတ်ရည်ကြည်ထဲမှာ သုတ်ပိုးအနည်းငယ် ပါဝင်နေတက်တာကြောင့် မိန်းမကိုယ်အတွင်းကို ဝင်ရောက်သွားရင် ကိုယ်ဝန်ရသွားနိုင်ပါတယ်။
(၂) ကွန်ဒုံးကို ပိုက်ဆံအိတ်ထဲမှာ မထည့်ထားပါနဲ့
Photo : Health
ကွန်ဒုံး သိမ်းဆည်းတဲ့ နေရာဟာ အရမ်းအရေးကြီး ပါတယ်။ ကွန်ဒုံးကို ပိုက်ဆံအိတ်လို နေရာမှာ အလွယ်တကူ ထည့်ထားမယ်ဆိုရင် ချွန်ထက်တဲ့ အရာတွေနဲ့ မတော်တဆ ထိုးမိနိုင်ပြီး ကွန်ဒုံးပေါက်ပြဲ သွားတက်ပါတယ်။ နောက်တစ်ချက်က ၁၀၄ ဒီဂရီထက် ကျော်လွန်ပြီး အပူလွန်ကဲတဲ့အခါ ကွန်ဒုံးတွေရဲ့ အာနိသင်ဟာ လျှော့ကျသွားနိုင်ပြီး အလွယ်တကူ ပျက်စီးနိုင်ပါတယ်။ ပေါက်ပြဲပျက်စီးနေတဲ့ ကွန်ဒုံးတွေကို သုံးမိရင် ကိုယ်ဝန်ရဖို့ ရာခိုင်နှုန်းများပါတယ်။
(၃) ကွန်ဒုံးကို ဘက်မှား မစွပ်မိစေနဲ့
Photo : SHD Medical
ကွန်ဒုံး ဝတ်ဆင်တဲ့အခါ လိင်တံထိပ်မှာစွပ်ပြီး လိပ်ထားတဲ့အပိုင်းကို လိင်တံရဲ့အရင်းသို့ ဖြည်ရပါတယ်။ အကယ်၍ ဘက်မှားပြီး စွပ်မိရင် လိပ်ထားတဲ့ အလိပ်နေရာဟာ အောက်ကို ဆက်ဖြည်ချလို့ရမှာ မဟုတ်ပါဘူး။ ဒီလို ဘက်မှားပြီး စွပ်မိတယ်ဆိုရင်တော့ အသစ်တစ်ခုလဲပြီး သုံးတာအကောင်းဆုံးပါပဲ။ မဟုတ်ရင် လိင်တံကနေ ထွက်ရှိတဲ့ ရှေ့ပြေးသုတ်ရည်ကြည် ကနေတဆင့် ကိုယ်ဝန်ရသွားနိုင်လို့ပါ။
(၄) ဆီအခြေခံ ထုတ်ကုန်တွေနဲ့ တွဲမသုံးသင့်ပါ
Photo : Durex India
Latex ကွန်ဒုံးကို ဆီအခြေခံ ထုတ်ကုန်တွေနဲ့ တွဲသုံးရင် ကွန်ဒုံးပေါက်ပြဲမှု ပိုအဖြစ်လွယ်ပါတယ်။ ဥပမအားဖြင့် Baby Oil ၊ Oil-based Lotions တွေ ၊ Petroleum ဂျလ်နဲ့ အုန်းဆီတို့လို ဆီအခြေခံ ထုတ်ကုန်တွေကို ရှောင်သင့်ပါတယ်။ ထိုးသွင်းဆက်ဆံချိန်မှာ ပွတ်တိုက်မှုကြောင့် ကွန်ဒုံးအလွယ်တကူ ပေါက်ပြဲမှု မရှိစေဖို့နဲ့ ခံစားမှုပိုကောင်းစေဖို့ ရေအခြေခံ သို့မဟုတ် ဆီလီကွန်အခြေခံ ချောဆီတွေကို အသုံးပြုနိုင်ပါတယ်။
(၅) ကွန်ဒုံးနှစ်ထပ် မသုံးပါနဲ့
Photo : Oneindia Telugu
ကာကွယ်မှု နှစ်ဆပိုရှိစေဖို့ ကွန်ဒုံးကို နှစ်ထပ်စွပ်ပြီး သုံးမယ်လို့ တွေးတာဟာ လုံးဝအမှားကြီးပါ။ ကွန်ဒုံးဟာ တစ်ကြိမ်လျှင် တစ်ခုကိုပဲ နည်းစနစ်တကျ သုံးရမှာ ဖြစ်ပါတယ်။ ကွန်ဒုံးနှစ်ထပ်အသုံးပြုမယ်ဆိုရင် အတူနေချိန်မှာ အချင်းချင်း ပွတ်တိုက်မှုကြောင့် ကွန်ဒုံးပေါက်ပြဲပျက်စီးနိုင်ခြေ ပိုများပါတယ်။ နောက်တစ်ခုကတော့ သုံးပြီးသား ကွန်ဒုံးကို နောက်တစ်ကြိမ် ထပ်သုံးတာမျိုး လုံးဝမလုပ်သင့်ပါဘူး။ ဒါဟာ ကိုယ်ဝန် ရနိုင်ခြေကို တိုးစေရုံမကပဲ လိင်မှတဆင့် ကူးစက်တက်တဲ့ ရောဂါပိုးမွှားတွေလည်း ပိုမိုကူးစက်ခံရနိုင်ခြေ များပါတယ်။
Featured Photo : New York Post