နည်းပညာများ တဖြည်းဖြည်း မြင့်မားလာသည်နှင့်အမျှ လူသားတွေရဲ့ နေ့စဥ်ဘဝသည်လည်း အရင်ကလို ပင်ပန်းတာမျိုး မရှိတော့ဘဲ ပိုမိုသက်သာလာပါတယ်။ ဒါပေမယ့်လည်း ဒီလို နည်းပညာ တိုးတက်မှုရဲ့ နောက်ကွယ်မှာ ကောင်းကျိုးချည်းပဲတော့ ရှိတာမဟုတ်ပါဘူး။ ဆိုးကျိုးအချို့လည်း ရှိပါတယ်။ ဥပမာဆိုရသော် တနေ့ကုန် ကွန်ပျူတာ ရှေ့မှာ ထိုင်ပြီး အလုပ်လုပ်သူများသည် အချိန်ကြာလာတဲ့အခါ ကျန်းမာရေး ပြဿနာများကို ခံစားရလာခြင်းပဲ ဖြစ်ပါတယ်။

ဒီလိုမျိုး နည်းပညာနှင့် လျှပ်စစ်ပစ္စည်းများကြောင့် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးနှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးပါ ထိခိုက်လာရခြင်းသည် တစ်စထက် တစ်စ ပိုမိုများပြားလာတာကတော့ မျက်မြင်ပါပဲ။ ညဘက် မအိပ်ဘဲ ဖုန်းအဆော့များလို့ အာရုံကြော ထိခိုက်ခြင်းများလည်း ကြုံတွေ့ရလာပြီး ကွန်ပျူတာ ရှေ့မှာ အထိုင်များလို့ အမြင်အာရုံထိခိုက်ခြင်းနှင့် အခြားသော ကျန်းမာရေး ပြဿနာများကိုပါ ကြုံတွေ့ရလာနိုင်ပါတယ်။

ကွန်ပျူတာ ရှေ့ အထိုင်များပြီး လှုပ်ရှားမှုနည်းသူများအနေနဲ့ အများဆုံး ကြုံတွေ့ရလေ့ရှိတဲ့ ကျန်းမာရေး ပြဿနာများကတော့ …

ခါးနာခြင်း

ကွန်ပျူတာ ကျန်းမာရေး

ဒီပြဿနာကလည်း IT သမားများ၊ ကွန်ပျူတာနဲ့ အလုပ်လုပ်ရသူများ အများဆုံး ကြုံတွေ့ရလေ့ရှိတဲ့ ကျန်းမာရေး ပြဿနာတစ်ခုပဲ ဖြစ်ပါတယ်။ ကွန်ပျူတာရှေ့တွင် ၈ နာရီကြာ အလုပ်ထိုင်လုပ်သူများရဲ့ ၈၀ ရာခိုင်နှုန်းခန့်သည် ခန္ဓာကိုယ်ရဲ့ ခါးအောက်ပိုင်းတွင် အညောင်းမိပြီး ခါးနာခြင်းကို ခံစားရနိုင်ပါတယ်။ ဒီလိုမျိုး ခါးနာရခြင်း အဓိက အကြောင်းအရင်းကတော့ ထိုင်ခုံတွင် အနေအထားမှန်မှန်နှင့် မထိုင်လို့ပဲဖြစ်ပါတယ်။ အချိန်ကြာလာတဲ့အခါ အရိုးနှင့် အရွတ်များတွင် ဒဏ်ဖြစ်လာပြီး ခါးနာခြင်း ဝေဒနာ အစပျိုးလာတာပဲဖြစ်ပါတယ်။​ ဒီလို ဝေဒနာဖြစ်ပွားခြင်းမှ ကာကွယ်ဖို့ဆိုရင် အလုပ်လုပ်တဲ့အခါ ထိုင်ခုံမှာ အနေအထားမှန်မှန်နဲ့ ထိုင်ဖို့လိုအပ်ပါတယ်။

လက်ကြွက်သားများ အားနည်းလာခြင်း

ကွန်ပျူတာ ကျန်းမာရေး

လက်ကြွက်သားများက ဘယ်လောက်တောင် အားနည်းလာသလဲဆိုရင် အရာဝတ္ထုပစ္စည်းတစ်ခုကို မြဲမြဲ မကိုင်နိုင်တော့သည်အထိ ဖြစ်သွားတတ်ပါတယ်။ ရောဂါလက္ခဏာများက ဘယ်လိုစပြလေ့ရှိသလဲဆိုရင် လက်၊ လက်မ၊ လက်ညှိုး၊ လက်ခလယ်နှင့် လက်သန်းဘေးဘက်နေရာများ ထုံကျဥ်လာခြင်းပဲဖြစ်ပါတယ်။ ညဘက်မှာဆို ရောဂါလက္ခဏာက ပိုမိုဆိုးရွားလာတတ်တဲ့အတွက်ကြောင့် အိပ်ရေးပျက်ခြင်းကိုတောင် ခံစားရနိုင်ပါတယ်။ တဖြည်းဖြည်းနဲ့ ရောဂါက ပိုမိုဆိုးရွားလာပြီး အရာဝတ္ထုပစ္စည်းများကို မြဲမြံစွာ မကိုင်နိုင်တော့ဘဲ လွှတ်ကျတတ်လာပါတော့တယ်။

ဒီလိုရောဂါမျိုးမှ ကာကွယ်ဖို့ဆိုရင် လက်များတွင် သွေးလှည့်ပတ်မှုကောင်းအောင် ပြုလုပ်ပေးဖို့ လိုအပ်ပါတယ်။ မကြာခဏ လက်များကို အကြောဆန့်ပေးပါ။ လက်လေ့ကျင့်ခန်း ပြုလုပ်ပေးပါ။ လက်ပ်တော့ ကီးဘုတ်ကို တံတောင်တည့်တည့်တွင် ထားပြီး ကီးဘုတ် နှိပ်တဲ့အခါ တံတောင်က ၉၀ ဒီဂရီ ထောင့်မှန်ဖြစ်ဖို့ လိုအပ်ပါတယ်။ အချိန်အကြာကြီး Typing ရိုက်ခြင်းမှလည်း ရှောင်ကြဥ်သင့်ပြီး အရိုးအဆစ်များအတွက် အညောင်းအညာ ဖြေလျော့ပေးဖို့ လိုအပ်ပါတယ်။

စိတ်ပူပန်မှုများ ၊ စိတ်ဖိစီးမှု များခြင်း

ကွန်ပျူတာ ကျန်းမာရေး

ဘယ်အချိန် နောက်ဆုံး အပြီးသတ်ရမလဲ။ အချို့ဆိုရင် တစ်နေ့လျှင် ၁၈ နာရီ၊ နာရီ ၂၀ ကြာ အလုပ်လုပ်လေ့ ရှိကြပါတယ်။ ပိတ်ရက်မှာတောင် မိမိကိုယ်ကိုယ် အနားမပေးဘဲ အလုပ်ချည်းပဲ စွတ်လုပ်တဲ့အခါ အချိန်ကြာလာရင် စိတ်ကျန်းမာရေးကို ထိခိုက်လာနိုင်ပါတယ်။

ဒီလိုဖြစ်ပွားခြင်းမျ ကာကွယ်ဖို့ဆိုရင် အလုပ်ချိန်သပ်သပ်၊ နားချိန်သပ်သပ်ထားပြီး အလုပ်လုပ်ပါ။ ရုံးက မပြီးပြတ်တဲ့ အလုပ်များကိုလည်း အိမ်ကို သယ်မလားပါနှင့်။ အိမ်မှာ အနားယူတဲ့အခါမှာလည်း အင်တာနက် သုံးခြင်းကို ရှောင်ကြဥ်သင့်ပါတယ်။ ကိုယ့်ရဲ့ ဝါသနာအတွက် အချိန်ပေးပါ။ ကိုယ့် မိသားစုများနှင့်အတူတူ အချိန်ကုန်ဆုံးရပါမယ်။

လေ့ကျင့်ခန်းများ ပြုလုပ်ခြင်းသည် စိတ်ဖိစီးမှုများကို လျော့ချပေးတဲ့ အကောင်းဆုံး နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ ဒါ့ကြောင့် ပြေးခြင်း၊ လမ်းလျှောက်ခြင်း၊ စက်ဘီးစီးခြင်း၊ ရေကူးခြင်း အစရှိသည်တို့ကို ပြုလုပ်ပေးရပါမယ်။ ယောဂ ဆော့ကစားခြင်းသည်လည်း စိတ်ဖိစီးမှုများကို လျော့ချပေးနိုင်တဲ့ အကောင်းဆုံး နည်းလမ်းတစ်ခုပဲဖြစ်ပါတယ်။

နှလုံးရောဂါ ခံစားရခြင်း

man heart attack

လေ့လာချက်များအရ ကိုယ်လက်လှုပ်ရှားမှုမရှိဘဲ ကွန်ပျူတာရှေ့တွင် တစ်နေကုန် ထိုင်တဲ့အခါ အဝလွန်ခြင်း၊ နှလုံးအဆီဖုံးခြင်းနှင့် နှလုံးရောဂါတို့ကိုပါ ခံစားရနိုင်ကြောင့် သိရှိရပါတယ်။ နှလုံးသွေးကြောကျဥ်း ရောဂါ၊ နှလုံးရောဂါ၊ ကင်ဆာရောဂါ ဖြစ်ပွားခြင်းတို့မှ ကာကွယ်ဖို့ရန်အတွက် အချိန်အကြာကြီး ထိုင်ခြင်းကို ရှောင်ကြဥ်ရပါမယ်။ မိနစ် ၂၀ တစ်ခါ ထကာ အညောင်းအညာဖြေပါ။ Break Time အချိန်မှာ ဟိုနား ဒီနား လျှောက်ပါ။ အလုပ်ဆင်းတဲ့အခါ လေ့ကျင့်ခန်း ပြုလုပ်ဖို့လည်း မမေ့ပါနှင့်။

အိပ်မရ ရောဂါ ခံစားရခြင်း

man sleepless

ဒီအခြေအနေကတော့ ညဆိုင်း အလုပ်ဆင်းရသူများတွင် ကြုံတွေ့ရတတ်တဲ့ ရောဂါတစ်ခုဖြစ်ပါတယ်။ တဖြည်းဖြည်းနဲ့ အိပ်စက်ချိန်က ကျဆင်းလာပြီး ကြာလာရင် အိပ်မရ ရောဂါ စွဲကပ်လာပါတော့တယ်။ ဒါ့ကြောင့် တစ်ရက်လျှင် အနည်းဆုံး ၆ နာရီကြာသည်အထိ အိပ်စက်ဖို့ လိုအပ်ပါတယ်။ အိပ်ရာဝင်တဲ့အခါ အခန်း မီးအရောင်ကို မှိန်ထားဖို့လည်း လိုအပ်ပါတယ်။

အမြင်အာရုံ ဝေဝါးခြင်း

man eye

မျက်စိ ကျန်းမာရေး ကောင်းမွန်ဖို့နှင့် အမြင်အာရုံဝေဝါးခြင်းမှ ကာကွယ်ဖို့ရန်အတွက် မျက်လုံး လေ့ကျင့်ခန်းများ ပြုလုပ်ပါ။ အခန်းမှောင်မှောင်ကြီးထဲတွင် လက်ပ်တော့ သုံးခြင်းကိုလ်ည်း ရှောင်ကြဥ်သင့်ပါတယ်။ ကွန်ပျူတာ စခရင်မ်ရဲ့ အလင်းရောင်ကိုလည်း စူးတောက်လွန်းတာမျိုး မလုပ်မိဖို့ လိုအပ်ပါတယ်။

Source: Healthvision

Featured Image: Freepik