သဘာဝအလှအပကို ကြိုက်နှစ်သက်သူ ကွီး တို့အတွက် တောင်တန်း ဒေသများသည် ဘဝမှာ တစ်ခါတစ်ခေါက်လောက်တော့ သွားရောက်လည်ပတ်သင့်တဲ့ နေရာတစ်ခုဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာရော မြန်မာမှာပါ လှပတဲ့ တောင်တန်းဒေသများ အများအပြားရှိတဲ့အနက် ကွီး တို့အတွက် သွားရောက်လည်ပတ်သင့်တဲ့ တောင်တန်း ဒေသများကို ဖော်ပြပေးလိုက်ရပါတယ်။

ဆွစ်ဇာလန်

ကွီး တောင်တန်း

Photo: Travel Triangle

ကမ္ဘာ့အလှဆုံးနှင့် အငြိမ်းချမ်းဆုံး မြို့လေး တစ်မြို့လို့တောင် တင်စားခေါ်ဝေါ်နိုင်ပါတယ်။ သဘာဝတောတောင်ရှု့ခင်းများနှင့် ပြည့်နှက်နေပြီး ကား အသုံးပြုမှုကို လျော့ချထားတာကြောင့် လေထု ညစ်ညမ်းမှု နည်းပြီး သန့်ရှင်းလတ်ဆတ်တဲ့ လေကောင်းလေသန့်များကို တဝကြီး ရှူရှိုက်နိုင်ပါတယ်။

ဒေသခံများသည် ရုံးသွားဖို့အတွက်ဆိုရင် စက်ဘီး၊ ခြေလျင် (သို့) လေထီးဖြင့် လေဟုန်စီးပြီး သွားလာလေ့ရှိပါတယ်။ ကွီး တို့အနေနဲ့ တောင်တက်ဖို့မဟုတ်ဘဲ တောင်တန်း ဒေသရဲ့ အလှအပကို ခံစားရုံသက်သက်ပဲဆိုရင်တော့ ဆွစ်ဇာလန်းကို သွားရောက်သင့်ပါတယ်။

ပီရူး

ကွီး တောင်တန်း

Photo: Machu Travel Peru

ပီရူးရဲ့ တောင်တန်းဒေသများသည်လည်း မျက်စိတစ်ဆုံး လှပနေပါတယ်။ ထိုဒေသများသည် လမ်းလျှောက်ဖို့ရန်အတွက်နှင့် Hiking Tour များ ပြုလုပ်ဖို့ရန်အတွက် Package များ ဝယ်ယူနိုင်ပြီး သူငယ်ချင်း မိတ်ဆွေများနှင့်အတူတူ တပျော်တပါးကြီး တောင်တက်လို့ရတဲ့ လှပတဲ့နေရာတစ်ခုပဲဖြစ်ပါတယ်။

နော်ဝေး

ကွီး တောင်တန်း

Photo: Unsplash

နော်ဝေးရှိ တောင်တင်းလေးတွေသည်လည်း အင်မတန်နှစ်လိုဖွယ်ကောင်းပြီး သဘာဝအလှ နှစ်သက်မြတ်နိုးသူများအတွက် နိဗ္ဗာန်ဘုံတစ်ခုလိုပါပဲ။ တောင်တန်းနှင့် မြစ်ချောင်းအင်းအိုင်များရဲ့ ပေါင်းစပ်တဲ့အလှသည်လည်း လှပနေသလို ရေတံခွန်များ၊ ချိုင့်ဝှမ်းဒေသများကိုလည်း တွေ့မြင်နိုင်ပါသေးတယ်။

ကွီးတို့အတွက် ပြည်ပနိုင်ငံရှိ လှပတဲ့ တောင်တန်းဒေသများကို ဖော်ပြပြီးတဲ့နောက်မှာတော့ ယခုတစ်ခါမှာ ပြည်တွင်းရှိ တောင်များနှင့် ခရီးသွားကာ တောင်တက်လို့ကောင်းတဲ့ နေရာတချို့ကို ဆက်လက်ဖော်ပြချင်ပါတယ်။

ဇွဲကပင်တောင်

ကွီး တောင်တန်း

Photo: Jonny Melon

ကရင်ပြည်နယ်ရှိ အထင်ကရနေရာတစ်ခုဖြစ်ပြီး အမြဲတစေ လာရောက်လည်ပတ်သူများနှင့် ပြည့်နှက်နေလေ့ရှိပါတယ်။ မိုးရာသီရောက်ရင် ဇွဲကပင်လေးသည် စိမ်းစိမ်းစိုစိုနဲ့ သာယာကြည်နူးဖွယ်ကောင်းလှပါတယ်။ တခါတရံမှာ မြူမှုန်လေးတွေ အုံ့ဆိုင်းနေတတ်ပြီး မှိုင်းညှို့ညှို့လေးနဲ့ ဖမ်းစားနေသယောင်ပါပဲ။ မိုးရာသီဖြစ်တဲ့အတွက်ကြောင့် လမ်းအနည်းငယ် ချောတာကြောင့် တောင်တက်တဲ့အခါ သတိကြီးကြီးထားပြီး တက်ဖို့တော့လိုပါလိမ့်မယ်။

ပုပ္ပါးတောင်

mount popa

Photo:  Klook

ပုဂံသွားတဲ့အခါ ပုပ္ပါးတောင်သည်လည်း မဖြစ်မနေ သွားသင့်တဲ့နေရာတစ်ခုပဲဖြစ်ပါတယ်။ တောင်တက်နေစဉ်တစ်လျှောက်မှာ တက်လိုက် နားလိုက်ဖြင့် အမောဖြေနိုင်ပြီး တောင်ထိပ်ပေါ် ရောက်သွားတဲ့အခါမှာ လေလေး တဖြူးဖြူးနဲ့ ကြည်နူးဖွယ်ကောင်းလှပါတယ်။

ချင်းတောင်တန်းများ

chin mountains

Photo: Facebook

ချင်းတောင်တန်းတွေသည်လည်း မေ့မထားသင့်တဲ့ နေရာတစ်ခုပဲဖြစ်ပါတယ်။ လှပတဲ့ တောတောင်ရှု့ခင်းလေးများနှင့် ပြည့်နှက်နေပြီး ရာသီဥတုကလည်း နှစ်လိုဖွယ် ကောင်းလှပါတယ်။ အအေးဓာတ် ကြိုက်နှစ်သက်သူများအတွက်တော့ သွားရောက်လည်ပတ်သင့်တဲ့နေရာတစ်ခုပဲဖြစ်ပါတယ်။

ကချင်ပြည်နယ်ရှိ ရေခဲတောင်များ

kachine mountains

Photo: Tripadvisor

Adventure ခရီးမျိုး နှစ်သက်တဲ့ ကွီး တို့အတွက် လှပတဲ့နေရာတစ်ခုဖြစ်ပါတယ်။ သို့သော် ရေခဲတောင်တက်ခြင်းသည် ကွီး တို့အတွက် သာမန် တောင်တန်း ဒေသတွေဆီသို့ သွားရောက်လည်ပတ်ခြင်းနှင့် မတူပါဘူး။ လေ့ကျင့်မှုများများ ပြုလုပ်ဖို့လိုအပ်ပါတယ်။ ဒါ့အပြင် သက်လုံကောင်းဖို့လည်း လိုအပ်ပြီး နည်းစနစ်ကျကျနဲ့ ရေခဲတောင်တက် အတွေ့အကြုံအများအပြားရှိတဲ့ ခေါင်းဆောင်ကောင်းတစ်ယောက်ရဲ့ ဦးဆောင်မှုတို့လည်း လိုအပ်ပါတယ်။ ရေခဲတောင်တက် ပစ္စည်းကိရိယာမျိုးစုံလည်း လိုအပ်ပြီး အသက်အန္တရာယ်များတဲ့အတွက်ကြောင့် ဂရုတစိုက်နဲ့ သွားလာရမယ့် တောင်တစ်ခုပဲ ဖြစ်ပါတယ်။

အခုဖော်ပြသွားတဲ့ တောင်တန်းဒေသတွေထဲက ဘယ်နေရာဒေသတွေကို ကွီးတို့ သွားရောက်လည်ပတ်ဖူးပါသလဲ။

Source: Backroads

Featured Image: Storyblocks