စားဝတ်နေရေးအတွက် တစ်နေ့တစ်နေ့ သွားလာလှုပ်ရှားရုန်းကန်နေရတဲ့အပြင် တစ်ခါတစ်ရံမှာ ဘက်ပေါင်းစုံက စိတ်ဖိစီးမှုတွေကို ခံစားရတတ်ပါတယ်။ ဒီလို စိတ်ဖိစီးမှုတွေကြောင့်ပဲ ကွီး တို့ရဲ့ အိပ်ချိန် စားချိန် သည် မမှန်ကန်တော့ဘဲ ကမောက်ကမဖြစ်သွားပါတော့တယ်။
ကွီး တို့ရဲ့ အိပ်ချိန် စားချိန် မမှန်တော့တာသည် အချိန်ကြာလာတဲ့အခါ ကျန်းမာရေးအတွက် နောက်ဆက်တွဲဆိုးကျိုးတွေကို ခံစားရလာနိုင်ပါတယ်။
ဒါဆိုရင် ကျန်းမာရေးနဲ့ ညီညွှတ်အောင် ကွီး တို့ရဲ့ အိပ်ချိန် စားချိန် ကို မှန်ကန်သွားအောင် ဘယ်လိုပြန်လည် ပြုပြင်ရမလဲ။
အိပ်ရာကို အိပ်စက်ဖို့ တစ်ခုတည်းအတွက် အသုံးပြုပါ
Photo: The Guardian
ဟုတ်ပါတယ်။ ကွီးတို့ရဲ့ အိပ်ရာသည် အိပ်စက်ဖို့တစ်ခုတည်းအတွက် အသုံးပြုရမှာဖြစ်ပါတယ်။ အိပ်ရာပေါ်မှာ အလုပ်လုပ်တာမျိုး၊ စာဖတ်တာမျိုးတွေ မပြုလုပ်သင့်ပါဘူး။ အလုပ် လုပ်မယ်ဆိုရင် အလုပ်စားပွဲမှာ သေချာ အလုပ်လုပ်ပါ။ စာဖတ်မယ်ဆိုလည်း ထိုနည်းလည်းကောင်းပါပဲ။
ဒါမှသာလျှင် အိပ်ရာပေါ် ရောက်တာနဲ့ ဦးနှောက်က သူ့အလိုလို အိပ်စက်ဖို့ အချက်ပေးနေမှာပါ။ နို့မဟုတ်ရင် အိပ်ရာကို မြင်တာနဲ့ အလုပ်လုပ်ရဦးမှာပါလား ဆိုတဲ့ စိတ်မသက်မသာဖြစ်မှုတွေ ခံစားရပါလိမ့်မယ်။
နေ့ဘက်မှာ နေရောင်ခြည်ရဲ့ အလင်းရောင်ကို ရယူပါ
သဘာဝနေရောင်ခြည်ကို ရယူခြင်းသည် ညဘက်မှာ ကောင်းစွာ အိပ်စက်နိုင်အောင် ကူညီပေးပါတယ်။ အရိုးကျန်းမာရေးအတွက်လည်း ကောင်းမွန်ပြီး စိတ်လက် ရွှင်လန်းစေပါတယ်။ ဖြစ်နိုင်မယ်ဆိုရင် အပြင်လေး ဘာလေး ထွက်ပြီး ကိုယ်လက်လှုပ်ရှား အားကစားအနည်းငယ် ပြုလုပ်ကြည့်လိုက်ပါ။
အိပ်ရာဝင်ခါနီးမှာ အစား အများကြီး စားသုံးခြင်းကို ရှောင်ကြဉ်ပါ
အစား စားချိန်မှာ ပုံမှန်အတိုင်း စားသုံးပေးရမှာဖြစ်ပါတယ်။ မနက်စာကို မနက်အိပ်ရာ နိုးတာနဲ့ နာရီဝက်အတွင်း စားသုံးပေးရမှာဖြစ်ပါတယ်။ ထို့နောက် အလုပ်သွားမယ့်သူတွေကလည်း အလုပ်သွားကြ၊ အိမ်မှာပဲ Work From Home လုပ်သူတွေကလည်း အလုပ်လုပ်ကြနဲ့ တာဝန်ကိုယ်စီ လုပ်ဆောင်ရမှာဖြစ်ပါတယ်။
အလုပ်တာဝန်တွေ ဘယ်လောက်များနေပါစေ နေ့လည်စာ စားချိန်အမှီ တဖြတ်ပြီးအောင် လုပ်ဆောင်ပါ။ ညစာလည်း ထိုနည်းအတိုင်းပါပဲ။ တစ်ရက်တာအလုပ်များကို ဘယ်အချိန်မှာ အပြီးသတ်ရမယ်ဆိုတဲ့ အချိန်သတ်မှတ်ချက်တစ်ခု ပေးထားပါ။ ဒါဆိုရင် အလုပ်မြန်မြန်ပြီးတဲ့အပြင် ကွီးတို့ရဲ့ စားချိန်လည်း မှန်ကန်လာမှာဖြစ်ပါတယ်။
ဘာ့ကြောင့် စိတ်ဖိစီးရသလဲဆိုတာ သိရှိအောင် လုပ်ပါ
စိတ်ဖိစီးမှုများသည် အိပ်မပျော်ရောဂါကို ခံစားရစေပါတယ်။ စိတ်ဖိစီးမှုများကို အမြန်ရှင်းထုတ်ဖို့ဆိုရင် ဘာ့ကြောင့် စိတ်ဖိစီးရသလဲဆိုတာကို အရင်ဆုံး သိရှိအောင် ပြုလုပ်ပါ။ သိရှိသွားတဲ့နောက်မှာ ထို စိတ်ဖိစီးမှုများကို တတ်နိုင်သလောက် လျော့ချလိုက်ပါ။ ဘယ်အရာကိုမှ လိုက်လံပူပန်မနေပါနဲ့။ ပူပန်နေခြင်းသည် ကွီးတို့ရဲ့ ပြဿနာများကို ဖြေရှင်းပေးနိုင်မှာမဟုတ်တဲ့အတွက်ကြောင့် ဘာကိုမှ စိတ်ညစ်မနေဘဲ ပျော်ပျော်ရွှင်ရွှင်သာနေထိုင်ပါ။
နာရီ တကြည့်ကြည့် လုပ်မနေပါနဲ့
Photo: HelpGuide.org
အိပ်မပျော်တဲ့သူတွေ အလုပ်များတဲ့ အပြုအမူတစ်ခုဖြစ်ပါတယ်။ အိပ်မပျော်လေ နာရီ ကြည့်မိလေ။ နာရီ ပိုကြည့်လေ စိတ်ပူပန်မှုတွေ ပိုများလာပြီး ပို အိပ်မပျော်လာလေပါပဲ။ ဒါ့ကြောင့် သင့်ရဲ့ အိပ်ခန်းထဲမှာ နာရီရှိမယ်ဆိုရင် ဖယ်ပစ်လိုက်ပါ။
အိပ်ရာပေါ်မှာပဲ လှဲမနေပါနဲ့
Photo: Verywell Mind
အိပ်ရာထဲ လှဲနေပြီး မိနစ် ၃၀ လောက်ကြာတာတောင်မှ အိပ်မပျော်သေးဘူးဆိုရင် အတင်း ကြိတ်မှိတ် အိပ်မနေပါနဲ့။ အိပ်ရာပေါ်က ထပြီး တစ်ခုခု ပြုလုပ်ကြည့်ပါ။ ဥပမာ သီချင်းနားထောင်တာပဲဖြစ်ဖြစ်၊ စာဖတ်တာပဲဖြစ်ဖြစ်၊ အသက်ရှူလေ့ကျင့်ခန်းပြုလုပ်တာမျိုးပဲဖြစ်ဖြစ် ပြုလုပ်နိုင်ပါတယ်။
Source: Nationaljewish
Featured Image: Independent